DVB Logo
Home
မြန်မာသတင်း
လုပ်ခမရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၅၀၀ ခန့် ထိုင်းအလုပ်ရှင်နှင့် ညှိနှိုင်း ပြေလည်မှုရ
DVB
·
March 12, 2024
လုပ်ခမရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၅၀၀ ခန့် ထိုင်းအလုပ်ရှင်နှင့် ညှိနှိုင်း ပြေလည်မှုရ
Donate to DVB

ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ လယောင်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား အယောက် ၅၀၀ နီးပါးအတွက် ထိုင်းအလုပ်ရှင်က လုပ်ခလစာ တလစာ မရှင်းပေးတဲ့အမှု ပြေလည်သွားပြီလို့ ကူအညီပေးရေးအဖွဲ့ထံက သိရပါတယ်။

လယောင်မြို့ရှိ Italian Thai Development ရေနက်ဆိပ်ကမ်းဆောက်လုပ်ရေး ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ မြန်မာ MOU အလုပ်သမား ၃၀၀ ကျော်နဲ့ CI အလုပ်သမား ၁၀၀ ကျော် စုစုပေါင်း ၅၀၀ နီးပါးကို အလုပ်ရှင်က လုပ်ခလစာ စုစုပေါင်း ဘတ် သိန်း ၆၀ ကျော် မရှင်းပေးတဲ့အတွက် မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ဆီ အကူအညီ တောင်းခံခဲ့တာပါ။

လက်ရှိမှာတော့ အလုပ်သမားတွေအတွက် လုပ်ခလစာ တလစာကို မတ်လ ၂၄ ရက်မှာ ပေးသွားမှာဖြစ်ပြီး၊ သူတို့ဆီက သိမ်းယူထားတဲ့ ပတ်စ်ပို့နဲ့ အထောက်အထား လက်မှတ်တွေကိုလည်း ပြန်လည် ပေးခဲ့တဲ့အတွက် အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဦးသဘောတူ အဆင်ပြေသွားပြီလို့ သိရပါတယ်။

WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ မှ ကိုမုန်တိုင်းက “အခု လက်ရှိကတော့ အားလုံး ပြေလည်သွားပါပြီ။ ၂၄ ရက်နေ့ နောက်ဆုံးကို တလစာ အကုန်ထုတ်ပေးပါမယ်။ နောက်ပြီးရင်လည်း ဒီအလုပ်သမားတွေ အားလုံးကို အကြောင်းမဲ့ အလုပ်ထုတ်ပိုင်ခွင့် မရှိဘူး။ မနေ့က ကျနော်တို့ သဘောတူ အကုန်လုံး အဖွဲ့စုံ သူဌေးကော အပါ လက်မှတ် ထိုးခဲ့ပါတယ်။ ၂၄ ရက် နောက်ဆုံး ထုတ်ပေးမယ်ဆိုတာလည်း အလုပ်သမားတွေ သဘောတူ လက်ခံပေးပါတယ်။ နောက်ပြီးရင် ပတ်စ်ပို့တွေ သိမ်းထားတဲ့အပေါ်မှာလည်း ထိုင်းနိုင်ငံဥပဒေအရ သိမ်းထားပိုင်ခွင့် မရှိတဲ့အတွက် အလုပ်သမားတွေဘက်က တောင်းဆိုပေးတယ်။ သူဌေးဘက်ကလည်း လက်ခံပေးပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေက ရေအလုပ်သမားတွေ ဖြစ်တဲ့အတွက် စာအုပ်တွေ ပျောက်မှာ ရေစိုမှာ စိုးတဲ့အတွက် အလုပ်သမားတွေ စာအုပ်ကို သိမ်းဆည်းတာဖြစ်ပါတယ် အကြောင်းပြတယ်။ အခုကျတော့ အလုပ်သမားနဲ့ အလုပ်ရှင်ကြားမှာ သဘောထားကတော့ ကျန်းမာရေးဖြစ်တာတွေ၊ အပြင်အလည်သွားတာတွေ၊ မောင်နှမ ဆွေမျိုးတွေဆီ သွားတာတွေမှာ စာအုပ်ထုတ်ပေးပါမယ်လို့ သူဌေးဘက်က ကြည်ကြည်ဖြူဖြူ လက်မှတ်ထိုးပေးခဲ့ပါတယ်”လို့ ပြောပါတယ်။

မြန်မာအလုပ်သမားတွေဟာ ဖေဖော်ဝါရီ ၆ ရက်ကစလို့ မတ် ၅ ရက်အထိ လုပ်အားခ တလစာကို လုပ်ငန်းရှင်သူဌေးက ရှင်းမပေးဘဲ အချိန်ကို နေ့ရွှေ့ညရွှေ့ လုပ်နေတာကြောင့် အလုပ်သမားတွေအနေနဲ့ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့ခဲ့ရပြီး WAG အဖွဲ့ဆီကို စာပေးပို့ တိုင်ကြားခဲ့တာပါ။

WAG အဖွဲ့က မတ် ၆ ရက်နေ့မှာ အလုပ်သမားတွေ အကူအညီတောင်းတာကို လက်ခံပြီး မတ် ၇ ရက်နေ့မှာ အလုပ်သမား လစာတွေအတွက် သူဌေးလူယုံနဲ့ သွားရောက်ညှိနှိုင်း ဖြေရှင်းခဲ့ပေမဲ့ လုပ်အားခ ၁၅ ရက်စာသာ ပေးတာကြောင့် အလုပ်သမားတွေက လက်မခံတဲ့အတွက် လယောင်မြို့ရှိ ဆဝါဒီကန်ရုံးမှာ အမှုဖွင့်ခဲ့ပါတယ်။

အလုပ်သမားတွေအတွက် လုပ်ခလစာ တလစာ ပြန်ပေးဖို့၊ သူတို့ဆီက သိမ်းဆည်းထားတဲ့ ပတ်စ်ပို့နဲ့ အထောက်အထားတွေ ပြန်ပေးဖို့နဲ့ အလုပ် ဆက်လုပ်ရမယ်ဆိုရင်လည်း နောက်ထပ် အခုလို လစာမပေးတဲ့ ကိစ္စတွေ ထပ်မဖြစ်စေဖို့ တောင်းဆိုခဲ့ကြတာပါ။

ဒါ့အပြင် အလုပ်သမားတွေ လုပ်ငန်းခွင်မှာ ကျန်းမာရေး ကိစ္စတွေ ပေါ်ပေါက်လာရင်လည်း လုပ်ငန်းရှင်ဘက်က အချိန်မဆွဲဘဲ ချက်ချင်း ကူညီဆောင်ရွက်ပေးဖို့ အချက်တွေ တောင်းဆိုခဲ့ကြပါတယ်။ တောင်းဆိုချက်တွေကို လုပ်ငန်းရှင်ဘက်က အဖွဲ့စုံညီရှေ့မှာ သဘောတူ လိုက်လျော ပေးခဲ့တယ်လို့ သိရပါတယ်။

ဆောက်လုပ်ရေး အလုပ်သမားတဦးက “WAG အဖွဲ့ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလိုက်တာ ကျနော်တို့ လိုအပ်တဲ့အရာလေးတွေ ရသွားတယ်။ ရသွားတယ်ဆိုတာ ပိုက်ဆံတော့ မဟုတ်သေးဘူးပေါ့။ ပိုက်ဆံကတော့ ၂၃၊ ၂၄ ရက်မှ နောက်ဆုံး ပေးမယ်လို့ သူဌေးက ပြောတယ်။ တရားဝင်ဆို ကျနော်တို့က သတ်မှတ်ထားတာ  ၁၆၀၀၀ အနိမ့်ဆုံးပေါ့။ တယောက်နဲ့ တယောက်တော့ မတူကြဘူး။ အိုတီ ရတဲ့ အပေါ် မူတည်သွားတယ်။ အဲ့လို ပြေလည်သွားတာ အလုပ်သမားတွေ ဘက်က ကျေးဇူးတင်တယ်။ အေဂျင်စီတွေ ဘာတွေ ခေါ်ရင် အလုပ်သမားတွေ ဘက်က မလွယ်ဘူးလေ။ သူတို့ကိုလည်း အယုံအကြည် မရှိဘူး”လို့ ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စတွေ၊ ပြဿနာတွေ ဖြစ်ပွားရင် ဆန္ဒပြတာတွေ မလုပ်ဘဲ အလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့တွေမှာ အကူအညီ တောင်းခံဖို့ WAG အဖွဲ့ တာဝန်ခံ ကိုမုန်တိုင်းက တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံ၊ လယောင်မြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ နိုဝင်ဘာ ၂၂ ရက်ကလည်း တရားဝင် လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၂၃၇ ဦးကို အလုပ်ရှင်က ၂ လစာနီးပါး လုပ်ခလစာ မရှင်းပေးခဲ့တဲ့အတွက် မြန်မာအလုပ်သမား သံအရာရှိရုံးဆီကို အကူအညီ တောင်းခံခဲ့ပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013