DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး စစ်ရေးရလဒ် ထွက်အောင် လုပ်ဆောင်ရန်လိုဟု NUG ပြော
DVB
·
March 12, 2024
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး စစ်ရေးရလဒ် ထွက်အောင် လုပ်ဆောင်ရန်လိုဟု NUG ပြော
Donate to DVB

လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုတိုက်ပွဲကို ပေါင်းစပ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ကြိုးစားနေကြရာမှာ လက်နက်အားနဲ့ ခုခံတော်လှန်တယ်ဆိုတဲ့ အဆင့်လောက်နဲ့ တင်းတိမ်နေလို့ မရပဲ စစ်ရေးရလဒ်ထွက်အောင် လုပ်ဆောင်ဖို့ အထူးလိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

“နွေဦးတော်လှန်ရေးကာလအတွင်းမှာ တွေ့ရတဲ့ ခုခံတော်လှန် စစ်တိုက်ပွဲတွေနဲ့ တိုင်းရင်းသား လွတ်မြောက်ရေးတိုက်ပွဲတွေကို ယေဘုယျအားဖြင့် ခြုံငုံကြည့်ရင်၊ စစ်ရေးရလဒ်နဲ့ တော်လှန်ရေး ရလဒ်တွေ ထပ်တူကျတဲ့ တိုက်ပွဲတွေ ရှိတာတွေ့ရပါတယ်။ စနစ်တကျ ကြိုတင်ပြင်ဆင်မှုနဲ့ ဗဟိုကွပ်ကဲမှုကောင်းမွန်တဲ့ ဒေသတွေမှာတော့ တော်လှန်ရေး ရလဒ်ကောင်းကိုလည်း တွေ့မြင်ခဲ့ရသလို၊ စစ်ရေးရလဒ်ကောင်းကိုလည်း ထပ်တူထပ်မျှ တွေ့ခဲ့ရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်း အားလုံးဟာ လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုတိုက်ပွဲကို ပေါင်းစပ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့ဟာ လက်နက်အားဖြင့် ခုခံတော်လှန် တယ်ဆိုတဲ့ အဆင့်လောက်နဲ့ တင်းတိမ်နေလို့ မရပါဘူး။ စစ်ရေးရလဒ် ထွက်အောင် လုပ်ဆောင်ဖို့ အထူးလိုအပ်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီက ထုတ်သုံးတဲ့ နိုင်ငံရေးဝှက်ဖဲတွေ နောက်မှာ မျောမသွားဘဲ၊ ကျနော်တို့အနေနဲ့ ‘ကောက်ပင်ရိတ်လှီးသလို၊ တိခနဲ ဖြတ်ချရမယ့် တန်ပြန်မှုတွေ’ ကို အမြော်မြင် ရှိရှိ၊ ပြတ်ပြတ်သားသား လုပ်ဖို့ပဲ ဖြစ်ပါတယ်။”

စစ်ကောင်စီက စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး လုပ်နေတဲ့ကိစ္စမှာလည်း စစ်ရေးကိစ္စ တဝက်၊ နိုင်ငံရေးကိစ္စတဝက် ရောပြီး ခြေလှမ်းစတင် နေတာတွေ့ရတာကြောင့်ဒီကိစ္စကို တန်ပြန်တော်လှန် တဲ့အခါမှာ နိုင်ငံရေးအရ လုပ်ဆောင်ရမှာတွေ ရှိသလို၊ စစ်ရေးအရ လုပ်ဆောင်ရမှာတွေလည်း ရှိနိုင်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် သတိချပ်ဖို့က စစ်ရေးကို စစ်ရေးလို ပီပီပြင်ပြင် စဉ်းစားလုပ်ဆောင်ဖို့နဲ့ မဟာဗျူဟာ စီမံချက်‌တွေဟာ ပြည်သူလူထုကို ထိခိုက်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးကိုလည်း ကြိုတင် တွက်ဆထားဖို့ လိုအပ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ 

“တကယ် အာနိသင်ရှိတဲ့ ဆေးနည်းက အင်မတန် ခါးလွန်းတာတွေလည်း ဖြစ်တတ်သလို၊ ဆေးမြီးတိုတွေက ဘေးထွက်ဆိုးကျိုးများတာလည်း ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့ရဲ့ မဟာဗျူဟာ နည်းနာကို ကျနော်တို့ ကောင်းကောင်း သဘောပေါက်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့ဟာ အကြမ်းဖက်စစ်ကောင်စီကို အနားပေးလို့ လုံးဝမရဘူးလို့ ပြောချင်ပါတယ်။ အခုဆိုရင် စစ်ကောင်စီက အနားတောင်းဖို့၊ ကြိုးစားနေတဲ့ကိစ္စတွေကို တွေ့မြင်ရပါတယ်။ ကျနော်တို့ဟာ သံပူတုန်း နာနာနှက်ရမယ်လို့ ပြောချင်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ရေးလှိုင်းတွေနဲ့ တိုင်းရင်းသားလွတ်မြောက်မှု တော်လှန်ရေး လှိုင်းတွေဟာ တိုက်ရိုက်ချက်ကြိုးသွယ်ထားနိုင်တဲ့ အခြေအနေကို ရောက်ပြီဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသားလွတ်မြောက်မှု တော်လှန်ရေးတွေဟာ တသားတည်း/ တထပ်တည်း ဖြစ်လာတာကို တွေ့ရပါတယ်။ ဒီလို အခြေအနေမျိုးမှာ၊ ကျနော်တို့ဟာ နိုင်ငံရေးသတိ လက်လွတ် ပြောဆို၊ လုပ်ဆောင်တာမျိုးတွေကို သတိထား ရှောင်ကြဉ်ဖို့ လိုပါတယ်။” 

ဒါအပြင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ အခြေခံအုတ်မြစ်တွေကို ခိုင်ခိုင်မာမာ တည်ဆောက်ထားဖို့ ဖြစ်ကြောင်းနဲ့ တော်လှန်ရေးအလွန်ကာလရောက်မှ တည်ဆောက်ရေးအတွက် ဆိုင်းပြင်းတာမျိုး မဖြစ်စေဘဲ ကြိုတင် တည်ဆောက် ဖြည့်တင်းထားဖို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းထားပါတယ်။

လတ်တလောမှာတော့ စစ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြားမှာ တိုက်ပွဲတွေဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013