DVB Logo
Home
နိုင်ငံတကာ
ဟေတီဝန်ကြီးချုပ် ရာထူးက နုတ်ထွက်
DVB
·
March 12, 2024
ဟေတီဝန်ကြီးချုပ် ရာထူးက နုတ်ထွက်
Donate to DVB

ဟေတီဝန်ကြီးချုပ် အေရီယယ် ဟင်နရီဟာ  အစိုးရအကြီးအကဲအဖြစ်မှ နုတ်ထွက်ကြောင်း မတ် ၁၁ ရက်မှာ ပြောကြားခဲ့ပြီး နိုင်ငံရဲ့ သမ္မတ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ၂၀၂၁ ခုကတည်းက ရွေးကောက်မခံရဘဲ တာဝန်ယူထားတဲ့ ရာထူးကနေ ထွက်ခွာသွားပါတယ်။

တနင်္လာနေ့ အစောပိုင်းက အနီးနားရှိ ဂျမေကာမှာ နိုင်ငံရေးအသွင်ကူးပြောင်းမှုဆိုင်ရာ မူဘောင်ကို ဆွေးနွေးဖို့ ဒေသဆိုင်ရာ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံအပြီး ဝန်ကြီးချုပ် ဟင်နရီ နုတ်ထွက်ခဲ့တာပါ။

ဝန်ကြီးချုပ် အေရီယယ် ဟင်နရီက “ဟေတီနိုင်ငံမှာ သမ္မတရဲ့အသက်ကို တိုက်ခိုက်ခဲ့သူတွေဟာ ရိုင်းစိုင်းတဲ့ အမူအကျင့်တွေနဲ့ ပြုမူနေကြပြီး သူတို့ရဲ့လုပ်ရပ်အတွက် ပြန်ပေးဆပ်ရမယ်” လို့ ပြောပါတယ်။

ကျူးလွန်သူနဲ့ ပူးတွဲကျူးလွန်သူ အားလုံးကို ဖော်ထုတ်ပြီးတော့ ဟေတီတရားစီရင်ရေးဆီ ခေါ်ဆောင်သွားမှာဖြစ်ပြီး ပြစ်ဒဏ်တွေကိုလည်း မကြာခင်မှာ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ကာရေဘီယံ အသိုက်အဝန်း (CARICOM) နိုင်ငံများအဖွဲ့ကလည်း ဟေတီနိုင်ငံဝန်ကြီးချုပ် အေရီရယ် ဟင်နရီ နုတ်ထွက်ကြောင်းကို အသိအမှတ်ပြုခဲ့ပါတယ်။

ဟေတီဂိုဏ်းခေါင်းဆောင် ဂျင်မီချရီဇီယာဘာဘီကျူးဟာ ဟိုတယ်ပိုင်ရှင်တွေကိုလည်း နိုင်ငံရေးသမားတွေကို ပုန်းခိုခွင့်မပေးဖို့ မတ် ၁၁ ရက်က တားဆီးခဲ့ပြီး သူတို့ဟာ ဝန်ကြီးချုပ် အေရီရယ်ဟင်နရီကို ဖြုတ်ချပြီး အစိုးရသစ်တရပ်ကို ရွေးကောက်တင်မြှောက်ဖို့အတွက် ဂိုဏ်းတွေဟာ သွေးစွန်းတဲ့တော်လှန်ရေးကို ဆင်နွှဲနေကြတာလို့ သူက ပြောကြားခဲ့ပါတယ်။

ချရီဇီယာ ဘာဘီကျူးဟာ ဂိုဏ်းတွေစုစည်းပြီး ဟေတီရဲ့ ရွေးကောက်ခံမဟုတ်တဲ့ ဝန်ကြီးချုပ် အေရီယယ်ဟင်နရီကို ဖြုတ်ချမယ်လို့ ပြောကြားပြီးနောက်မှာ အကျဉ်းထောင်နှစ်ခုကို ဖျက်ဆီးခဲ့ပြီး ထိပ်တိုက်တွေ့ဆုံမှုတွေကြောင့် ဆက်သွယ်ရေးလမ်းကြောင်းတွေ ပျက်စီးခဲ့ကာ ဟေတီဟာ မတ် ၃ ရက်မှာ အရေးပေါ်အခြေအနေကို ရောက်ရှိခဲ့ပါတယ်။

အသွင်ကူးပြောင်းရေးကောင်စီကို တည်ထောင်ဖို့ ရည်ရွယ်ပြီး တနင်္လာနေ့က ဂျမေကာမှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဟေတီဂိုဏ်းတွေကို တိုက်ခိုက်ရာမှာ ရဲတပ်ဖွဲ့ကို အကူအညီပေးဖို့ နိုင်ငံစုံလုံခြုံရေးတပ်ဖွဲ့ကို အမေရိကန်ကနောက်ထပ် ဒေါ်လာ သန်း ၁၀၀ လှူဒါန်းမှုနဲ့ လူသားချင်းစာနာ အကူအညီအတွက် ဒေါ်လာ ၃၃ သန်း လှူဒါန်းမယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲတွေမှာ အမေရိကန် တာဝန်ရှိသူတွေ၊ ကာရေဘီယံ အသိုက်အဝန်း (CARICOM) နိုင်ငံတွေနဲ့ ဟေတီနိုင်ငံရေးပါတီတွေ၊ ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဘက် လူ့အဖွဲ့အစည်းနဲ့ ဘာသာရေးအဖွဲ့တွေ တက်ရောက်ခဲ့ပါတယ်။

ဆွေးနွေးပွဲအတွင်းမှာ CARICOM နိုင်ငံများအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဂိုင်ယာနာသမ္မတ မိုဟာမဒ်အာဖန် အလီက မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း ဟေတီနိုင်ငံသားတွေရဲ့ သေဆုံးမှုဟာ ယူကရိန်းစစ်ပွဲထက်တောင် ပိုများတယ်လို့ အလေးပေး ပြောကြားခဲ့ပါတယ်။

ဂျမေကာဝန်ကြီးချုပ် အင်ဒရူးဟော့နက်စ်က ဟေတီမှာ ပြည်တွင်းစစ်ဖြစ်လာမှာကို စိုးရိမ်နေရတဲ့ အခြေအနေမှာ အခုတော့ အမှန်တကယ်ပဲ ဖြစ်လာခဲ့ပြီလို့ ဆိုပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013