
အိန္ဒိယနိုင်ငံမှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မေးခွန်းပေါက်ကြားမှုအတွက် တာဝန်ယူပြီး နုတ်ထွက်ပေးဖို့ တနိုင်ငံလုံးက လူငယ်ဆန္ဒပြသူတွေ တစိုက်မတ်မတ် တောင်းဆိုခဲ့ကြပြီးနောက် ဇူလိုင် ၂၅ ရက်မှာ ပညာရေးဝန်ကြီး ဒါမိန်ဒရာ ပရာဒန် ရာထူးကနေ နုတ်ထွက်သွားပါတယ်။
ဝန်ကြီးကတော့ သူ့ရဲ့ နုတ်ထွက်ကြောင်းကို X လူမှုကွန်ရက်ကနေ ကြေညာခဲ့တာဖြစ်ပြီး ဒါဟာ ဆန္ဒပြလူငယ်တွေအတွက် အောင်ပွဲကြီးတရပ်လည်း ဖြစ်ပါတယ်။
“ဂျန်တာမန်တာနဲ့ တနိုင်ငံလုံးမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အဖွဲ့အစည်းဆိုးတွေက အခွင့်ကောင်း မယူနိုင်အောင် အိန္ဒိယ ဝန်ကြီးချုပ်ဆီ နုတ်ထွက်စာ ပေးပို့လိုက်ပါပြီ။ တိုင်းပြည်ရဲ့ လူငယ်တွေရဲ့ မျှော်လင့်ချက်၊ ခံစားချက်နဲ့ နည်းလမ်းတကျ တောင်းဆိုမှုတွေကို လေးစားပါတယ်” လို့ ပရာဒန်က X မှာ ရေးသားပါတယ်။
ပညာရေးဝန်ကြီးရဲ့ ရာထူးနုတ်ထွက်သတင်း ထွက်ပေါ်လာပြီးနောက် ဒေလီမြို့လယ်နဲ့ ဂျန်တာမန်တာ ဆန္ဒပြကွင်းမှာ စုဝေးနေတဲ့ သောင်းနဲ့ချီတဲ့ လူငယ်တွေ ကြားထဲမှာ အောင်ပွဲခံ ကြွေးကြော်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
Cockroach Janta Party တည်ထောင်သူ အဘီဂျစ် ဒစ်ပ်ကေးက “ငါတို့ အောင်မြင်ခဲ့ပြီ။ ဒါဟာ အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်သူတွေရဲ့ အောင်ပွဲဖြစ်ပြီး အာဏာရှင်ရဲ့ ရှုံးနိမ့်မှုပဲ” လို့ ဝမ်းသာအားရ ပြောပါတယ်။
နယူးဒေလီမှာ ဆန္ဒပြခေါင်းဆောင်တွေနဲ့ ဝန်ကြီးတွေ နောက်တကြိမ် ဆွေးနွေးပွဲမလုပ်ခင် နာရီပိုင်းအလိုမှာ ရဲတပ်ဖွဲ့က လူငယ်ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပါသေးတယ်။
အစိုးရဘက်က မြို့တော်အတွင်း ဆန္ဒပြမှုတွေကို ထိန်းချုပ်ဖို့ အင်တာနက်လိုင်းတွေနဲ့ မက်ထရိုဘူတာ ၁၈ ခုကို ပိတ်ထားခဲ့ပါတယ်။
ဒါပေမဲ့ ဇူလိုင် ၂၀ ရက်က ပါလီမန်ကို ချီတက်တဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က နံပါတ်တုတ်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းခဲ့တာကြောင့် ကျောင်းသား အတော်များများ ဒဏ်ရာရရှိခဲ့ပြီး လူထုဒေါသက ပိုမိုပေါက်ကွဲသွားခဲ့တာပါ။
ဇွန်လတည်းက စတင်ခဲ့တဲ့ ဒီဆန္ဒပြပွဲတွေကို “Cockroach Janta Party” လို့ ခေါ်တဲ့ လူငယ်အဖွဲ့အစည်းက ဦးဆောင်ခဲ့တာဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ မေးခွန်းပေါက်ကြားမှု၊ အလုပ်အကိုင်ရှားပါးမှု၊ အဂတိလိုက်စားမှုနဲ့ အစိုးရရဲ့ တာဝန်ယူမှု ကင်းမဲ့တာတွေကို အဓိကထား ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါဟာ မကြာသေးမီနှစ်တွေအတွင်း အိန္ဒိယရဲ့ အကြီးမားဆုံး လမ်းပေါ်ထွက် ဆန္ဒပြပွဲတခုဖြစ်ပြီး ဝန်ကြီးချုပ်မိုဒီ အတွက်လည်း ကြီးမားတဲ့ နိုင်ငံရေးစိန်ခေါ်မှုတခု ဖြစ်လာခဲ့ပါတယ်။
Source: Reuters











