
ကမ္ဘာ့ဖလားပွဲ ရှယ်ယာရောင်းချမဲ့ အစီအစဉ်ကို ဖျက်သိမ်းခဲ့ရပြီးနောက်ပိုင်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဖီဖာဥက္ကဋ္ဌ ဂျန်နီ အင်ဖန်တီနိုဟာ ရာထူးက နုတ်ထွက်ဖို့ ငြင်းဆန်လိုက်ပါတယ်။
ပေါ်တူဂီ ဝါရင့်ကစားသမားဟောင်း လူးဝစ်ဖီဂိုအပါအဝင် UEFA၊ CONCACAF နဲ့ ဂျော်ဒန် ဘောလုံးအဖွဲ့ချုပ်တို့က သူ့ကို ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုထားတာပါ။
ဒါပေမဲ့ ဖီဖာအကြီးအကဲတွေရဲ့ အပြည့်အဝ ထောက်ခံမှုကို ရရှိထားတာကြောင့် သူဟာ ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ယူသွားမယ်လို့ ဆိုပါတယ်။
အင်ဖန်တီနိုကတော့ ဖီဖာရဲ့ ထုတ်ပြန်ချက်မှာ အမှားအယွင်းတချို့ရှိခဲ့တာကို ဝန်ခံခဲ့ပါတယ်။ အဖွဲ့ချုပ်တွေဆီကို တောင်းပန်စာတွေ ပေးပို့ထားတယ်လို့လည်း ဆိုပါတယ်။
သူဟာ မော်ရိုကိုမှာ အရေးပေါ် အစည်းအဝေးခေါ်ယူပြီး အမှုဆောင်တွေကို ဆွေးနွေးခဲ့တာပါ။ ရာထူးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။










