
ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ရဲ့ တာဝန်ရှိသူတချို့ဟာ စစ်အာဏာရှင်ရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ကိုယ်စားလှယ်တွေကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ သီးခြားတွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး CNO ဥက္ကဋ္ဌ ကိုယ်တိုင် ရာထူးမှ နုတ်ထွက်သွားခဲ့ကာ အဆိုပါတွေ့ဆုံမှုကို အဖွဲ့အစည်းအနေနဲ့ လုံးဝအသိအမှတ်မပြုကြောင်း အဖွဲ့ချုပ်က ဩဂုတ် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
နယူးဒေလီက တွေ့ဆုံမှုဟာ CNO ရဲ့ ဗဟိုကောင်စီ (CC)၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC)၊ နိုင်ငံရေးဦးဆောင်ကော်မတီ (PSC)နဲ့ ကာကွယ်ရေးကောင်စီ (DC) တို့ရဲ့ သိရှိမှု၊ ဆုံးဖြတ်ချက်၊ တာဝန်ပေးအပ်ချက်နဲ့ သဘောတူညီချက် လုံးဝမရှိဘဲ တာဝန်ရှိခေါင်းဆောင်တချို့က ကိုယ့်သဘောနဲ့ကိုယ် သွားရောက်တွေ့ဆုံခဲ့တာလို့ ဖော်ပြထားပါတယ်။
ဒါကြောင့် တွေ့ဆုံမှုအတွင်း ဆွေးနွေးချက်တွေဟာ CNO ရဲ့ တရားဝင် ရပ်တည်ချက်၊ ဆုံးဖြတ်ချက်နဲ့ မူဝါဒတွေကို ကိုယ်စားမပြုကြောင်း၊ NSPNC နဲ့ နိုင်ငံရေး၊ စစ်ရေးအရ ဘယ်လို့ သဘောတူညီချက် ကတိကဝတ် လုံးဝမရှိခဲ့ကြောင်း သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်မရှိဘဲ သွားရောက်တွေ့ဆုံခဲ့တဲ့ ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ရာမှာ CNO ဥက္ကဋ္ဌ ကိုယ်တိုင်က အဓိကတာဝန်ရှိကြောင်း လက်ခံခဲ့ပြီး ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ဖို့ တင်ပြခဲ့တဲ့အပေါ် ဗဟိုကောင်စီက သဘောတူလက်ခံကာ တာဝန်မှ ရပ်စဲလိုက်တာ ဖြစ်ပါတယ်။
CNO ဟာ ချင်းညီနောင် (Chin Brotherhood - CB) ကို စတင်ဖွဲ့စည်းစဉ်ကတည်းက ဦးဆောင်ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတခုဖြစ်ပြီး ICNCC၊ CB နဲ့ မဟာမိတ် တော်လှန်ရေးအင်အားစုတွေရဲ့ ဘုံရပ်တည်ချက်၊ စုပေါင်းဆုံးဖြတ်ချက် မပါရှိဘဲ စစ်အာဏာရှင်နဲ့ သီးခြားတွေ့ဆုံဆွေးနွေးမှု လုပ်မှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။
CNO/CNDF အနေနဲ့ စတင်ဖွဲ့စည်းချိန် ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၃ ရက်ကစပြီး အာဏာရှင်စနစ် မှန်သမျှ ချုပ်ငြိမ်းရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး မူဝါဒတွေအတိုင်း မဟာမိတ်တွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်က သူ့အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်း တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ပါဝင်ခဲ့တယ်လို့ ဇူလိုင် ၃၁ ရက် လွှတ်တော်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။










