DVB Logo
Home
မြန်မာသတင်း
အရပ်သားနေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ကုလသမဂ္ဂ အထူးစိုးရိမ်
DVB
·
March 12, 2024
အရပ်သားနေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ကုလသမဂ္ဂ အထူးစိုးရိမ်
Donate to DVB

မြန်မာနိုင်ငံမှာ အရပ်သားတွေ နေထိုင်ရာ လူနေရပ်ကွက်တွေကို လက်နက်ကြီးတွေ အသုံးပြု ပစ်ခတ်မှုတွေအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရက်က ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း လူနေရပ်ကွက်တွေထဲ လက်နက်ကြီးတွေ အသုံးပြု တိုက်ခိုက်နေတာတွေလည်း တွေ့ရပြီး စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာချိန်မှာ ခုလို အမြောက်လက်နက်တွေ အသုံးပြုတာက အရပ်သားတွေအတွက် ဆိုးရွားတဲ့ အန္တရာယ် တွေနဲ့ အသက်ဆုံးရှုံးမှုတွေ ဖြစ်လာစေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၉ ရက်က ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ရှိ လူနေ ရပ်ကွက်တခုမှာ အမြောက်ကျည်ကျရောက်ခဲ့လို့ အနည်းဆုံး ရိုဟင်ဂျာ အရပ်သား ၈ ယောက် သေဆုံးပြီး ကလေး ၅ ယောက် အပါအဝင် တခြားလူ ၁၂ ယောက် ထိခိုက်ဒဏ် ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရထံကနေ စစ်တပ်က အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၃ နှစ်ကျော် အထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ အပါအဝင် သေဆုံးသူ အရေအတွက်ဟာ ထောင်နဲ့ချီ ရှိနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ စစ်တပ်က နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာတွေ အများအပြား အသတ်ခံခဲ့ရပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် သိန်းနဲ့ချီ ထွက်ပြေးခဲ့ကြရကာ အခုချိန်ထိ ဒုက္ခသည်စခန်းတွေမှာ အခက် အခဲ မျိုးစုံနဲ့ ရင်ဆိုင်နေကြရဆဲ ဖြစ်ပါတယ်။

လတ်တလောမှာလည်း ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ရတာတွေ မြင့်တက်လာခဲ့ပြီး လူပေါင်း ၃ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ မစ္စတာ ဒူဂျာရက်က ပြောပါတယ်။

အကူအညီပေးရေးလုပ်သားတွေ အပါအဝင် အရပ်သားတွေကို အကာအကွယ်ပေးနိုင်ဖို့ ပဋိပက္ခနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးဟာ နိုင်ငံတကာလူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ဥပဒေတွေနဲ့အညီဆောင်ရွက်ကြဖို့လည်း သတိပေး ပြောဆိုထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်း လူဦးရေ ၁၈ ဒသမ ၆ သန်းလောက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပြီး လူပေါင်း ၂ ဒသမ ၇ သန်းကျော် အိုးအိမ် စွန့် ခွာထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဋိပက္ခတွေဟာ ရခိုင်ပြည်နယ်၊ နိုင်ငံအနောက်မြောက်ပိုင်း၊ အရှေ့တောင် ပိုင်းတို့မှာ ဆိုးရွားတဲ့ အခြေအနေတွေနဲ့အတူ နေရာအနှံ့အပြား ပျံ့နှံ့ဖြစ်ပွားနေတယ်လို့လည်း UNOCHA က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013