DVB Logo
Home
မြန်မာသတင်း
ဝိုင်းမော်-လိုင်ဇာလမ်းပေါ်ရှိ  အောင်မြေ ၂  ရွာက ဒေသခံ  ၉၀၀ နီးပါး ပိတ်မိနေ 
DVB
·
March 11, 2024
ဝိုင်းမော်-လိုင်ဇာလမ်းပေါ်ရှိ  အောင်မြေ ၂  ရွာက ဒေသခံ  ၉၀၀ နီးပါး ပိတ်မိနေ 
Donate to DVB

ကချင်ပြည်နယ်၊  ဝိုင်းမော်-လိုင်ဇာလမ်းပေါ်ရှိ အောင်မြေ ၂ ကျေးရွာအတွင်း ဒေသခံ အယောက်  ၉၀၀ နီးပါးကို စစ်ကောင်စီတပ်က ထွက်ခွာခွင့်မပြုတာကြောင့် ကျေးရွာအတွင်းမှာ ပိတ်မိနေကြ ပါတယ်။

ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က ပိတ်မိနေတဲ့ အောင်မြေ ၂ ကျေးရွာ ဒေသခံပြည်သူတွေကို မတ်လ ၇ ရက်ကစပြီး ရွာထဲကနေ ထွက်ခွင့်မပေးဘဲ ရွာအဝင်အထွက်ကို စစ်ကောင်စီတပ်တွေက ပိတ်ဆို့ထားလိုက်တာ ဖြစ်ပါတယ်။

ပိတ်မိနေတဲ့ ဒေသခံပြည်သူအားလုံး ၉၀၀ နီးပါးရှိပြီး အစားအသောက်နဲ့ နေရာထိုင်ခင်းအတွက် အခက်အခဲဖြစ်နေပြီး ရိက္ခာပြတ်လပ်တော့မယ့် အခြေအနေမှာ ရှိနေတယ်လို့ ပိတ်မိဒေသခံ တဦးက ပြောပါတယ်။

ရွာသားတွေကို အမြန်ဆုံးကယ်ထုတ်နိုင်ဖို့အတွက် စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် တိုင်းမှူးကို တင်ပြထားပြီး တာဝန်ရှိသူတွေရဲ့ တုံ့ပြန်ချက်ကို စောင့်ဆိုင်းနေတဲ့ အခြေအနေ ဖြစ်တယ်လို့ ဒေသခံပြည်သူတွေကို ကယ်ထုတ်ဖို့ ညှိနှိုင်းဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။

မတ် ၁၁ ရက် အထိ အောင်မြေ ၁ ၊ အောင်မြေ ၂  ကျေးရွာအနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး ခုလို ကျေးရွာ အတွင်းမှာ ပိတ်ဆို့ခံထားရတာကြောင့် အစားအသောက် ပြတ်လပ်တဲ့အပြင် ရွာသားတချို့က လက်နက်ကြီးထိပြီး သေဆုံးသွားတဲ့သူတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အောင်မြေ ၁  ဒေသခံပြည်သူတွေကိုတော့ မတ်လ ၁၀ ရက် ညနေပိုင်းအထိ ဆမားဇုံနယ် KBC နှစ်ခြင်းအသင်းတော်က ဦးဆောင်ပြီး စစ်ဘေးရှောင် ၁၀၀၀ ကျော်ကို ဝိုင်းမော်မြို့နယ် စန်ကားနဲ့ နောင်ဟီး စတဲ့ ကျေးရွာ နှစ်ရွာမှာ  ကယ်ထုတ်နိုင်ပြီ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေကတော့ ဒေသခံတွေကို ရွာထဲက ဘုန်းကြီးကျောင်းမှာ စုဝေး နေထိုင်ခိုင်းထားပြီး ဘုန်းကြီးကျောင်းအပြင်ဘက်ကိုတောင် ဝင်ထွက်သွားလာခွင့်မပေးဘူးလို့ သိရပါတယ်။

ဒေသခံတွေကို ဘုန်းကြီးကျောင်းမှာ ပိတ်ထားပြီး စစ်ကောင်စီတပ်သားတွေကတော့ ရွာထဲက ဒေသခံတွေရဲ့ နေအိမ်တွေမှာ ဝင်ရောက်နေထိုင်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဒေသခံတွေ ပိတ်မိနေတာ တပတ်လောက် ရှိလာပြီး သက်ကြီးရွယ်အိုတွေနဲ့ ဒေသခံတချို့ ကျန်းမာရေးချို့တဲ့လာတာကြောင့် ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေက အောင်မြေ ၂ ကျေးရွာမှာ စစ်အင်အား ၂၀၀ ဝန်းကျင်လောက် ရှိနေပြီးတော့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ပူးပေါင်းတပ်တွေက အောင်မြေ ၁ ကျေးရွာမှာ ရှိနေကြတာ ဖြစ်ပါတယ်။

စစ်တပ်က  ကေအိုင်အေ ထိန်းချုပ်ထားတဲ့ အောင်မြေ ၁  ကျေးရွာကို ပြန်လည်ရရှိဖို့ အောင်မြေ ၂ ရွာက ဒေသခံပြည်သူတွေကို အကာကွယ်ယူပြီး ကေအိုင်အေတပ်တွေရှိတဲ့ဘက်ကို တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မတ် ၇ ရက်ကစပြီး ရွှေညောင်ပင် စစ်ကောင်စီတပ်စခန်းနဲ့ အောင်မြေ ၂ လီဆူပြည်သူ့စစ်တပ်စခန်းကို ကေအိုင်အေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မတ်လ ၁၁ ရက်အထိ  တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013