DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည် ကြားကာလလွှတ်တော်က တရားရုံးချုပ် တရားသူကြီး ၁ ဦး ခန့်အပ် အတည်ပြု
DVB
·
March 11, 2024
ကရင်နီပြည် ကြားကာလလွှတ်တော်က တရားရုံးချုပ် တရားသူကြီး ၁ ဦး ခန့်အပ် အတည်ပြု
Donate to DVB

ကရင်နီပြည်နယ်၊ ကြားကာလလွှတ်တော်ရဲ့ ဒုတိယပုံမှန်အစည်းအဝေးကို မတ်လ ၁၁ ရက် ဒီနေ့ကျင်းပခဲ့ပြီး ကရင်နီပြည်နယ်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ၂၀၂၄ ခုနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းလျာထားချက်တွေကို အတည်ပြုခဲ့သလို တရားရုံးချုပ်ရဲ့ တရားသူကြီး နောက်တဦးကို ခန့်အပ်အတည်ပြုလိုက်ပါတယ်။

ကရင်နီပြည်နယ် ကြားကာလလွှတ်တော်ရဲ့  ဒုတိယပုံမှန်အစည်းအဝေးကို ဒီကနေ့ မနက်က Zoom Meeting နဲ့ အွန်လိုင်းကနေ ကျင်းပခဲ့တာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးထဲက ၁၂ ဦး တက်ရောက်ခဲ့ပါတယ်။

ပြည်နယ် တရားရုံးချုပ်ရဲ့ တရားသူကြီးခန့်အပ်အတည်ပြုမှုနဲ့ ပတ်သက်ပြီး ကရင်နီပြည်နယ် ကြားကာလလွှတ်တော်ရဲ့  ဒုဥက္ကဋ္ဌ စောအားလ်နိုက “အဓိကကတော့ ကျနော်တို့ ကရင်နီပြည်နယ် ကြားကာလ အစီအမံကနေ တရားဝင်မှုကိုယူပြီးတော့ လုပ်ဆောင်ရတာတွေရှိပါတယ်။ အဲဒီမှာ ကျနော်တို့ ဖော်ပြတဲ့အတိုင်း ပြဋ္ဌာန်းမှုအဆင့်အဆင့်အတိုင်း ရွေးချယ်စိစစ်ရေးကော်မီတီတွေ ကျနော်တို့ ဖွဲ့စည်းရတယ်။ စိစစ်ရေးကော်မီတီကနေပြီးမှ ပေးပို့လာတဲ့ စာရင်းကို KSCC ကနေပြီးမှ စိစစ်တယ်။ အားလုံး စိစစ်ပြီးပြီ ကျနော်တို့ လွှတ်တော်ကနေတဆင့် ထပ်မံ စိစစ်တယ်ပေါ့နော်။ စိစစ်ပြီးအားလုံးပြီးဆုံးသွားပြီဆိုရင်ကျနော်တို့ လွှတ်တော်ကနေပြီး သူ့ရဲ့  လုပ်ထုံးလုပ်နီးအတိုင်း ကျနော်တို့ လွှတ်တော်ခေါ်ပြီး တရားဝင် အတည်ပြုခန့်အပ်တာပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

၂၀၂၃ ခု ဒီဇင်ဘာ ၂၉ ရက်မှာ ပြုလုပ်တဲ့ ကရင်နီပြည်ကြားကာလ လွှတ်တော်အရေးပေါ် အစည်းအဝေးမှာတော့ ပြည်နယ်တရားရုံးချုပ်ရဲ့ ပြည်နယ်တရားသူကြီးတွေဖြစ်တဲ့ ခူးပူးရယ်နဲ့ ခွန်းမားရ်ကိုတို့ကို ခန့်အပ်အတည်ပြုခဲ့ပြီး ဒီကနေ့ ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးမှာတော့ နောက်ထပ်တရားသူကြီးဖြစ်တဲ့ မီးမယ်ကို ထပ်မံ ခန့်အပ်ခဲ့ပါတယ်။

ဒီကနေ့ အစည်းအဝေးမှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ၂၀၂၄ ခု ရသုံးခန်းမှန်ခြေငွေစာရင်းလျာထားချက်ကို လွှတ်တော်မှာအတည်ပြုခဲ့ပေမဲ့ လျာထားငွေ ပမာဏကိုတော့ အခြေအနေအရ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။

စောအားလ်နိုက “လွှတ်တော်မှာက ရေးရာကော်မီတီတွေ ဖွဲ့စည်းထားတာရှိပါတယ်။ ရေးရာကော်မီတီတွေထဲမှာ ပြည်သူ့ဘဏ္ဍာ စိစစ်စောင့်ကြည့်ရေးကော်မီတီလည်းတခု အပါအဝင် ဖြစ်ပါတယ်။ အိုင်အီးစီ ဘက်ကနေလည်း ဒီ ၂၀၂၄ မှာ အသုံးပြုမယ့်ဘဏ္ဍာငွေအသုံးစရိတ်တွေ၊ အရသုံးစရိတ်တွေသူတို့ ဘတ်ဂျက်ရာထားချက်ပေါ့၊ အဲဒါကို အိုင်အီးစီကနေပြီးမှ ပြုစုပြီး‌တော့ ကျနော်တို့ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းအရ ဆက်ပြီးဒါကို ကျနော်တို့ ဘက်နေပြီးမှ စစ်ဆေးတယ်။ အဆင့်ဆင့် ကျနော်တို့ အစည်းအဝေးခေါ်ယူပြီးမှ လေ့လာသုံးသပ်မှုတွေ လုပ်တယ်။ စိစစ်မှုတွေလုပ်တယ်။  လိုအပ်ချက်တွေကို ပြန်ပြီးတော့မှ ညှိနှိုင်းတယ်ပေါ့လေ။ အဲဒါအဆင်ပြေသွားတဲ့အခါကျမှ ကျနော်တို့က ဒီကနေ့မှ လွှတ်တော်ခေါ်ပြီးတော့မှ အိုင်အီးစီကနေ တင်သွင်းလာတဲ့ ရသုံးဘဏ္ဍာရေးကို ကျနော်တို့ ကရင်နီပြည်ကြားကာလလွှတ်တော်ကနေပြီးမှ အတည်ပြု ဆုံးဖြတ်ပေးလိုက်တာ ဖြစ်တယ် ပေါ့နော်”လို့ ပြောပါတယ်။

ကရင်နီ (ကယား)ပြည်နယ်မှာ  ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ ပူးပေါင်းပြီး “ကရင်နီပြည်နယ်ကြားကာလလွှတ်တော်” ဆိုပြီး ပြောင်းလဲခေါ်ဆို ဖွဲ့စည်းလိုက်ကြောင်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)က ၂၀၂၃ ခု နိုဝင်ဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း လစ်ဟာနေတဲ့ ကရင်နီပြည်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍ  ဦးဆောင်နိုင်ဖို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဖွဲ့စည်းခဲ့ပြီး အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကရင်နီပြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု အောက်မှာ အရေးပါတဲ့ ဒေါက်တိုင်အဖြစ်ရပ်တည်ကာ ပြည်နယ်အတွင်း တခြား တော်လှန်ရေးအင်အားစုတွေနဲ့အတူ လွှတ်တော်ကိုယ်စားပြုအနေနဲ့ ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ ပူးပေါင်းခြင်းမရှိတဲ့ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေကို ကရင်နီပြည်ရဲ့ နိုင်ငံရေးအခင်းအကျဉ်းမှာ ဆက်လက်ပါဝင်နိုင်ရေး  ကရင်နီပြည်နယ် ကြားကာလ ဥပေဒပြုရေး ကော်မီတီကို ဖွဲ့စည်းခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ကရင်နီပြည်နယ် ကြားကာလလွှတ်တော်ကို ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ကရင်နီပြည်နယ် ကြားကာလလွှတ်တော် စတင်ဖွဲ့စည်းပြီးတဲ့နောက် အုပ်ချုပ်ရေးဌာနကြီး ၄ ခုကို ဖွဲ့စည်းပေးနိုင်ခဲ့သလို လွှတ်တော်ရေးရာ ကော်မီတီ ၅ ခုဖြစ်တဲ့ ဥပဒေကြမ်းရေးဆွဲရေးနဲ့ စိစစ်ရေးကော်မီတီ၊ ပြည်သူ့ရေးရာကော်မီတီ၊ နိုင်ငံခြားနဲ့မဟာမိတ်ဆက်ဆံရေးကော်မီတီ၊ ပြည်သူ့ဘဏ္ဍငွေ စိစစ်စောင့်ကြည့်ရေးကော်မီတီနဲ့ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မီတီဆိုပြီး ဖွဲ့စည်းထားပါတယ်။

ကရင်နီပြည်နယ် ကြားကာလလွှတ်တော်စတင်ဖွဲ့စည်းချိန်ကနေ ဒီကနေ့အထိ ပြည်နယ်ရဲဥပဒေနဲ့ တရားစီရင်ရေးဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ကြောင်းလည်း ကရင်နီပြည်နယ် ကြားကာလလွှတ်တော် ဒုဥက္ကဋ္ဌ စောအားလ်နိုက ဒီဗွီဘီကို ပြောပါတယ်။

ကရင်နီပြည်နယ် ကြားကာလလွှတ်တော်မှာ  ဥက္ကဋ္ဌအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ အနိုင်ရခဲ့တဲ့  ဦးဌေးအောင်၊ ဒုဥက္ကဋ္ဌ- ၁ အဖြစ် ကရင်နီဒီမိုကရက်တစ်ပါတီ (KSDP) မှ စောအားလ်ဒိုနဲ့ ဒုဥက္ကဋ္ဌ - ၂ အဖြစ် ကယန်းအမျိုးသားပါတီ(KNP)မှ ခွန်းတင်နု ဦးဆောင်ပါဝင်သလို   ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထန်းဆောင်ခဲ့တဲ့ ဦးအယ်လ်ဖောင်းရှိုနဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်အပါဝင် ၁၅ ဦး နဲ့ ဖွဲ့စည်းထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်ဟာ ကြားကာလ အစီအမံတွေကို ရေးဆွဲ ပြဋ္ဌာန်းခဲ့ပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးလို တစိုးရတရပ်အနေနဲ့  စတင်ဖွဲ့စည်း လည်ပတ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013