DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်ရှောင်ပြည်သူ ၁,၀၀၀ ကျော် စားနပ်ရိက္ခာ လိုအပ်နေ
DVB
·
March 11, 2024
တနင်္သာရီတွင် စစ်ရှောင်ပြည်သူ ၁,၀၀၀ ကျော် စားနပ်ရိက္ခာ လိုအပ်နေ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အနောက်မော်တုန်းကျေးရွာအုပ်စုဘက်မှာ နေထိုင်နေကြတဲ့ အမြဲတမ်းစစ်ရှောင်ပြည်သူတွေ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ရှိလာတဲ့အတွက် နေထိုင်စားသောက်ဖို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ အမြဲတမ်း စစ်ရှောင်ပြည်သူတွေနဲ့ နွေဦး စစ်ရှောင်ကူညီရေးအဖွဲ့ဆီက သိရပါတယ်။

ဘန်းလမွတ်၊ ညောင်ပင်ကုန်း၊ ကမ်းတို၊ ရမ်းဖို၊ ထုံနွယ်၊ မော်တုန်းရွာတွေဘက်မှာ အမြဲတမ်းစစ်ရှောင်နေကြတဲ့ ပြည်သူပေါင်း ၁,၆ဝဝ ကျော်ရှိတယ်လို့ သိရပြီး စစ်အာဏာသိမ်းတဲ့ အစပိုင်းကာလတည်းက တိုက်ပွဲတွေကြောင့် ကျေးရွာတွေကနေ စစ်ရှောင်ထွက်ပြေးလာကြပြီး နေအိမ်မပြန်နိုင်သေးတဲ့သူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွေတုန်းက လူတဦး တလကို ဆန်၊ ဆီ၊ ဆား တကြိမ်သာ ထောက်ပံ့ဆောင်ရွက်ပေးနိုင်တာ ဖြစ်ပေမဲ့ အခုနှစ်အစပိုင်းလောက်ကစပြီး ရိက္ခာထောက်ပံ့ လှူဒါန်းတာတွေ နည်းပါးလာတာကြောင့် လူတဦးကို လတဝက်နီးပါးလောက်အထိသာ ရိက္ခာတွေ ထောက်ပံ့ပေးနိုင်တော့တယ်လို့ ပြောပါတယ်။

နွေဦးစစ်ရှောင်ကူညီ‌ရေးအဖွဲ့ဝင်တဦးက “ပစ္စည်းတွေက အဝင်မရှိရ၊ အထွက်လောက်ပဲ ရှိတယ်ဆိုတော့ တဖြည်းဖြည်းနဲ့ ကုန်လာတယ်။ တခြားကနေ ရပြီးတော့ ကူညီနေတာဆိုတော့ လတိုင်းတော့ ပေးဖြစ်နေတယ်ပေါ့။ အရင်က အရန်ပိုက်ဆံ ရှိတယ်ဆိုတော့ နည်းနည်းစီတော့ ပေးနိုင်တယ်ပေါ့။ အခုကကျတော့ ဘတ်ဂျက်လည်း ပြတ်နေပြီဆိုတော့ လိုအပ်မှုရှိလာပြီ” လို့ ပြောပါတယ်။

စစ်ရှောင်စခန်းတွေမှာ စားသုံးဖို့အတွက် ဆန်မလုံလောက်တဲ့ ပြဿနာတွေလည်း ရှိလာပြီး အရင်က လူတဦးကို တလမှာ ဆန်တပြည်လောက် ပုံမှန်ထောက်ပံ့ပေးနိုင်ပေမဲ့ လက်ရှိမှာ ဆန်စျေးနှုန်း ထိုးတက်လာတဲ့အပြင် ဆန်ဝယ်ယူဖို့ ငွေကြေးအခက်အခဲ ရှိလာတာတွေကြောင့် ဆန်အိတ်ထောက်ပံ့မှု ရပ်နားထားရတယ်လို့ စစ်ရှောင်ကူညီပေးသူက ပြောပါတယ်။

အဆိုပါဒေသက အမြဲတမ်းစစ်ရှောင်နေရတဲ့ ပြည်သူတွေမှာ ရိက္ခာပြတ်လပ်မှုတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတဲ့ ပြဿနာတွေကြောင့် စားသောက်ဖို့အတွက် တတ်နိုင်တဲ့သူတွေဆီကနေ ဆန်တွေ ငှားရမ်းသုံးစွဲနေရပြီး ကြာရှည်နေထိုင်ရပ်တည်ဖို့ အတွက်လည်း အခက်အခဲ ရှိလာနိုင်တယ်လို့ ပြောပါတယ်။

စစ်ရှောင်ပြည်သူတဦးက “အခု ဒီလပိုင်းတွေမှာတော့ တကြိမ်မှမရဘူး။ အရင်လတွေကတော့ ရတယ်။ ဆန်တွေမရဘဲနဲ့ ဆီတွေ ဆားတွေ ရတယ်။ ၂ ယောက်ဆို ဆီတဘူးလောက်၊ ၅ ယောက်ဆို ၂ ဘူးလောက်ပဲ ချင့်ချိန်ပြီး ပေးတယ်ပေါ့။ ပင်ပန်းတဲ့သူတွေက များတော့ အဆင်ပြေသလို စားနေရတယ်။ တအားခက်ခဲနေကြတယ်။ ဆန်စျေးနှုန်းလည်း တအားကြီးတယ်။ စစ်ရှောင်တွေမှာက အလုပ်တွေလည်း နေ့စားမရှိဘူးလေ” လို့ ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ ၂ဝ၂၁ ခုနှစ်တည်းက တိုက်ပွဲတွေကြောင့် အနောက်မော်တုန်းကျေးရွာဘက်ကို နေရပ်စွန့်ခွာ ထွက်ပြေးလာကြပြီး နေထိုင်ကြသူတွေ ဖြစ်ကာ ဒီနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ တောတောင်ဒေသတချို့မှာ နေထိုင်စားသောက်နေကြရတာ ဖြစ်ပါတယ်။

ဒေါနတနင်္သာရီ-စစ်ရှောင်များ အထောက်အကူပြုအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကျေးရွာ ၁၇ ရွာက အရပ်သားပြည်သူ ၈,၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အောက်တိုဘာလ နောက်ဆုံးပတ်လောက်အထိမှာတော့ စစ်ရှောင်ပြည်သူ ၃,၇၀၀ ကျော်ခန့် ဆက်လက်ကျန်ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013