DVB Logo
Home
နိုင်ငံတကာ
Oppenheimer ရုပ်ရှင် အော်စကာဆု ၇ ဆုရ 
DVB
·
March 11, 2024
Oppenheimer ရုပ်ရှင် အော်စကာဆု ၇ ဆုရ 
1 / 6
Donate to DVB

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပနေတဲ့ နာမည်ကျော် အော်စကာရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ အဏုမြူဗုံးဖန်တီးမှုအကြောင်း ရိုက်ကူးထားတဲ့ Oppenheimer ရုပ်ရှင်က အဓိကဆု ၇ ဆုနဲ့ အများဆုံး သိမ်းပိုက်သွားခဲ့ပါတယ်။

အော်စကာဆုလို့ လူသိများတဲ့ အကယ်ဒမီဆုကတော့ ကမ္ဘာတဝန်း ရုပ်ရှင်လောက လုပ်ငန်းနယ်ပယ်တွေထဲက အနုပညာနဲ့ တတ်သိပညာဆိုင်ရာ ထူးချွန်မှုအတွက် ချီးမြှင့်တဲ့ဆု ဖြစ်ပြီးတော့ ဒီဆုတွေထဲမှာ အကောင်းဆုံး ဒါရိုက်တာ၊ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား၊ အကောင်းဆုံး နိုင်ငံခြားဘာသာ ဇာတ်ကားဆုစတဲ့ ထူးချွန်ဆု အမျိုးအစားတွေ ပါဝင်ပါတယ်။

အခုနှစ်မှာတော့ ၉၆ ကြိမ်မြောက် ရှိလာခဲ့ပြီဖြစ်ကာ ဒီနှစ်ရဲ့ အကောင်းဆုံး ဇာတ်ကားဆုကို ဒုတိယကမ္ဘာစစ်ကာလတုန်းက သိပ္ပံပညာရှင် ရောဘတ် အော်ပန်ဟိုင်းမားရဲ့ အဏုမြူဗုံး ဖန်တီးမှုအကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးပုံဖော်ထားတဲ့ Oppenheimer ရုပ်ရှင်က ရရှိခဲ့သလို ဒါရိုက်တာ ခရစ္စတိုဖာနိုလန်က အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့ပါတယ်။

ဒါ့အပြင် ဒီရုပ်ရှင်ထဲမှာ တွဲဖက်ညီညီ သရုပ်ဆောင်ထားကြတဲ့ မင်းသားကြီး ဆီလီယမ် မော်ဖီ၊ ရောဘတ်ဒေါင်နီ ဂျူနီယာတို့ကလည်း အမျိုးသားဇာတ်ဆောင်ထူးချွန်ဆု၊ ဇာတ်ပို့ထူးချွန်ဆုတွေကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ထူးချွန်ဆုကိုတော့ Poor Things ရုပ်ရှင်နဲ့ မင်းသမီး အမ်မာစတုန်းက ရရှိခဲ့သလို ဇာတ်ပို့ထူးချွန်ဆုကိုတော့ မင်းသမီး ဒေဗိုင်းဂျွိုင်းရန်းဒေါ့လ်ဖ်က The Holdovers ရုပ်ရှင်နဲ့ ဆွတ်ခူးရရှိခဲ့ကြတာပါ။

ဆုအများဆုံး ရရှိတဲ့ ရုပ်ရှင်အနေနဲ့ Oppenheimer ရုပ်ရှင်ရဲ့နောက် Poor Things ရုပ်ရှင်က အမ်မာစတုန်းရဲ့ အမျိုးသမီးဇာတ်ဆောင်ဆု အပါအဝင်  ၄ ဆုနဲ့ The Zone of Interest ရုပ်ရှင်က ၂ ဆုစီ အသီးသီးနဲ့ အများဆုံးဆွတ်ခူးရ ရှိသွားခဲ့ပါတယ်။

ဂန္ထဝင်ဂျပန်ဒါရိုက်တာကြီး မီယာဇာကီရဲ့  The Boy and The Heron ဇာတ်ကားက အကောင်းဆုံး အန်နီမေးရှင်းဇာတ်ကားဆု ဆွတ်ခူးသွားခဲ့ပါတယ်။

ဒါဟာ Spirited Away ဇာတ်ကားနဲ့ အော်စကာရခဲ့တဲ့ မီယာဇာကီအတွက် ဒုတိယမြောက် အော်စကာဖြစ်ပေမဲ့ ကိုယ်တိုင်တက်မယူနိုင်ခဲ့ပါဘူး။

ရိုင်ယန်ဂို့စ်စလင်းရဲ့ “I’m Just Ken”  သီချင်းနဲ့ ဖျော်ဖြေမှုက ပွဲကျစရာဖြစ်ခဲ့ပြီး စာအိတ် ကလေးပဲ ကွယ်ပြီး စင်ပေါ်တက်လာတဲ့ ဂျွန်ဆီနာကလည်း ဒီနှစ် အော်စကာပေးပွဲမှာ  ပျော်ရွှင်ရယ်မောစရာဖြစ်ခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013