
အော်စကာဆုအတွက် ၃ ကြိမ်တိုင်တိုင် အမည်စာရင်း တင်သွင်းခံခဲ့ရတဲ့ အမေရိကန် ဝါရင့် သရုပ်ဆောင်မင်းသမီးကြီး ဒိုင်ယန်လဒ်ဟာ အသက် ၈၉ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။
နိုဝင်ဘာ ၃ ရက်က ကယ်လီဖိုးနီးယားပြည်နယ်ရှိ နေအိမ်မှာ ကွယ်လွန်ခဲ့တာလို့ သမီးဖြစ်သူ သရုပ်ဆောင် လော်ရာဒန်းက အတည်ပြုခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ဒိုင်ယန်လဒ်ဟာ “Alice Doesn't Live Here Anymore”၊ “Wild at Heart” နဲ့ "Rambling Rose” ဇာတ်ကားတွေမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုအတွက် အော်စကာဆု လျာထားခံခဲ့ရသူ ဖြစ်ပါတယ်။
သူ့ရဲ့ အနုပညာသက်တမ်းဟာ ဆယ်စုနှစ် ၇ ခုအထိ ရှည်လျားခဲ့ကာ ထက်မြက်ပြီး စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်မှုတွေကြောင့် လူသိများပါတယ်။
ဒိုင်ယန်လဒ်ဟာ “Wild at Heart” နဲ့ “Rambling Rose” လို ထင်ရှားတဲ့ ဇာတ်ကားတွေမှာ ပါဝင်ခဲ့ပါတယ်။
၁၉၉၁ ခုနှစ်က “Rambling Rose” ဇာတ်ကားအတွက် သမီးဖြစ်သူ လော်ရာဒန်းနဲ့အတူ အော်စကာဆုအတွက် တနှစ်တည်းမှာ အမည်စာရင်း တင်သွင်းခံခဲ့ရပြီး ဒါဟာ အော်စကာဆုသမိုင်းမှာ ပထမဆုံးနဲ့ တခုတည်းသော မိခင်နဲ့ သမီးတို့ရဲ့ ထူးခြားတဲ့ မှတ်တိုင်တခု ဖြစ်ခဲ့ပါတယ်။
လော်ရာဒန်းက သူ့အမေနဲ့ပတ်သက်ပြီး “သူက အမြဲတမ်း အကောင်းဆုံး သရုပ်ဆောင် တယောက်ပါပဲ။ သူက ဘယ်သူဘယ်ဝါ ထင်မြင်ယူဆချက်ကိုမှ ဂရုမစိုက်ဘဲ ဘဝကို ဒီအတိုင်းပဲ ဖြတ်သန်းနေထိုင်သူပါ” လို့ ပြောပါတယ်။
ဒိုင်ယန်လဒ်ဟာ ၁၉၅၀ ပြည့်နှစ်တွေမှာ စင်မြင့်ထက်ကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ “Perry Mason” နဲ့ “The Fugitive” လို ဂန္ထဝင် တီဗီဇာတ်လမ်းတွဲတွေ အပါအဝင် ရုပ်ရှင်နဲ့ တီဗီဇာတ်လမ်းပေါင်း ၁၂၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
သူ့ရဲ့ အနုပညာစွမ်းရည်ကို အသိအမှတ်ပြုတဲ့အနေနဲ့ ၂၀၁၀ ပြည့်နှစ်မှာတော့ ခင်ပွန်းဟောင်း ဘရုစ်ဒန်း၊ သမီးဖြစ်သူ လော်ရာဒန်းတို့နဲ့အတူ ဟောလိဝုဒ်ရဲ့ ကျော်ကြားတဲ့ Walk of Fame မှာ ကြယ်သုံးပွင့်ကို တပြိုင်နက်တည်း ချီးမြှင့်ခံခဲ့ရပါတယ်။
Source: Reuters










