ဇူလိုင်လနှောင်းပိုင်းကတည်းက အီရန်ကို အမေရိကန်ရဲ့ ပထမဆုံး တိုက်ခိုက်မှုအဖြစ် လာရက်ကျွန်းပေါ်က ဒုံးကျည်ပစ်လောင်ချာ ၂ စင်းကို အမေရိကန်တပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပါတယ်။
အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က ဟော်မုဇ်ရေလက်ကြားထဲကို ရေမြှုပ်မိုင်းတွေ ပစ်လွှတ်မဲ့ ရော့ကတ်တွေ ပြင်ဆင်နေတာကို တွေ့ရှိခဲ့လို့ တိုက်ခိုက်တာ ဖြစ်တယ်လို့ အမေရိကန်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (CENTCOM) က ပြောပါတယ်။
အီရန်ဘက်ကတော့ ဩဂုတ် ၃၀ ရက် တိုက်ခိုက်မှုကြောင့် လူ ၂ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။
IRGC က ဒီတိုက်ခိုက်မှုကို “ထရမ့်ပ်အစိုးရရဲ့ မဟာဗျူဟာအရ ဆိုးရွားတဲ့အမှား” လို့ ဝေဖန်ပြီး “တုံ့ပြန်မှုနဲ့ အပြစ်ပေးမှုရှိမယ်” လို့ သတိပေးပါတယ်။
နာရီပိုင်းအကြာမှာပဲ ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ IRGC က ကြေညာပါတယ်။
ဂျော်ဒန်စစ်တပ်ကတော့ ဩဂုတ် ၃၁ ရက် မနက်အစောပိုင်းမှာ နိုင်ငံရဲ့ လေကြောင်းပိုင်နက်ထဲ ဝင်လာတဲ့ ဒုံးကျည် ၈ စင်းလုံးကို ကြားဖြတ်ဖျက်ချခဲ့တယ်လို့ ပြောပါတယ်။
လာရက်ကျွန်းဟာ ဘန်ဒါအဘတ်စ်ဆိပ်ကမ်းနားမှာ ရှိပြီး ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားပေါ် တည်ရှိပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဟော်မုဇ်ရေလက်ကြားမှာ အီရန် ချထားတဲ့ မိုင်းတွေကို ဖယ်ရှားပြီးပြီလို့ ပြောထားသလို မိုင်းအသစ်ချတဲ့ သင်္ဘောမှန်သမျှ ဖျက်ဆီးမယ်လို့လည်း သတိပေးထားပါတယ်။
အီရန်နဲ့ အမေရိကန်-အစ္စရေး တင်းမာမှုဟာ ၆ လကျော်လာချိန်မှာ ဒီတိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားနဲ့ ဒေသတွင်း စစ်ရေးတင်းမာမှု ထပ်မံမြင့်တက်လာပါတယ်။











