DVB Logo
Home
မြန်မာသတင်း
ကနီနှင့် ကလေးမြို့တို့တွင် စစ်ရှောင် သောင်းချီရှိလာ
DVB
·
March 10, 2024
ကနီနှင့် ကလေးမြို့တို့တွင် စစ်ရှောင် သောင်းချီရှိလာ
Donate to DVB

မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ ကနီနယ်မှာ စစ်ရှောင်ပြည်သူ ၂ ထောင်ကျော်ကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နေရာ ၅ ခုခွဲပြီး အကူအညီတွေပေးနေပါတယ်။ 

ကလေးမြို့နယ်မှာလည်း တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး ထိုမာ၊ ထောက်ကြံ့၊ စည်သာရွာတွေက ပြည်သူသောင်းနဲ့ချီပြီး ထွက်ပြေးနေရပါတယ်။ 

စစ်ကိုင်းတိုင်း၊ ကနီမြို့ကို သိမ်းယူဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေက မတ် ၂ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ကနီမြို့မှာ ရပ်ကွက် ၃ ခုရှိပြီး မြို့အရှေ့ဘက် ရပ်ကွက် ၁ က စစ်ကောင်စီအခြေစိုက်နေရာတွေကို PDF တွေက ထိန်းချုပ်ထားပြီး မြို့လယ် ရပ်ကွက် ၂ ရွှေစည်းခုံ စစ်ကောင်စီခံစစ်ကုန်းနဲ့ မြို့အနောက်တောင်ဘက် ရပ်ကွက် ၃ က စစ်ကောင်စီထပ်တိုးအင်အားချထားတဲ့နေရာတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။ မတ် ၆ ရက်နေ့မှာ မြို့ကိုသိမ်းနိုင်လုနီးပါး ဖြစ်ခဲ့ပေမယ့် စစ်ကောင်စီက လေကြောင်းပစ်ကူနဲ့ တပ်သားစစ်ကူတွေ ထပ်ပို့ခဲ့တာကြောင့် တိုက်ပွဲချိန် ရှည်ကြာနေတာဖြစ်ပါတယ်။

ဦးအောင်မျိုးမင်း (ကနီပအဖ) က “စစ်ရှောင် လောလောဆယ်တော့ ၂ ထောင်ကျော်လောက်တော့ရှိတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်တော့ဖြစ်နေတယ်။ လောလောဆယ်တော့ ကိုယ်တို့မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ကနေပြီးတော့ပဲ နေရာ ၅ ခုလောက်ခွဲပြီးတော့ စားဝတ်နေရေး တာဝန်ယူဆောင်ရွက်နေတယ်၊ ကျန်းမာရေးကအစပေါ့။ အကူအညီတွေတော့ လိုအပ်တာပေါ့။ လောလောဆယ်ကတော့ ရိက္ခာပိုင်းဆိုင်ရာပေါ့။ ပတ်ချာလည်ရွာတွေကတော့ အကုန်ပြေးရတာပဲ။ ကနီအရှေ့ဘက်ကရွာတွေအကုန်လုံး ရှမ်းမြောင်း၊ တန့်ဆည်ချောင်၊ ညောင်ပင်ဝန်း၊ မင်းကုန်း၊ သရက်တောတို့ သူတို့ကတော့ ရှောင်နေရတာပဲ။ စစ်ရေးအခြေအနေအရ ကျနော်တို့က တချို့ကိစ္စတွေ ပြောလို့မဖြစ်တဲ့ အရာတွေအများကြီးရှိတယ်။ စစ်ဘေးရှောင်စခန်းတွေမှာရောက်ရှိနေတဲ့ဟာတွေကတော့ စားဝတ်နေရေးကအစ ကျန်းမာရေးအကအစ အကုန်လုံး စောင့်ရှောက်ပေးထားပါတယ်။ သူတို့ဓားစာခံတွေလည်းပါတယ်၊ ဓားစာခံတွေနဲ့ သင်္ဘောလုပ်သားတွေ အဲ့ဒါတွေလည်းအကုန်လုံး ကျနော်တို့ ကယ်ထုတ်ထားတယ်။"

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ဝန်းကျင်ကတည်းက စစ်ရေးတင်းမာမှုတွေဖြစ်ခဲ့ပြီး ထိုမာ၊ ထောက်ကြံ့၊ စည်သာရွာတွေက ပြည်သူသောင်းနဲ့ချီပြီး ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကလေးတက္ကသိုလ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီက ထိုမာရွာအပါအဝင် အနီးနားရွာတွေကို PDF တွေခိုအောင်းနေနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်နဲ့ ပြန်လည်ပစ်မှတ်ထားတိုက်ခိုက်နေတာပါ။ 

ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ထိုမာရွာထဲကို တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်အခြေပြုခဲ့တယ်ဆိုတဲ့သတင်းတွေကြောင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်တာ၊ ကလေးမြို့ထဲကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လက်ရှိအချိန်အထိပြုလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကိုဗိုက်ပူ (ကလေးလူထုတိုက်ပွဲသပိတ်ဦးဆောင်ကော်မတီ) က "ဒီနေ့မနက် အစောပိုင်းကနေစပြီးတော့ ထိတွေ့မှုတွေဖြစ်တာ ခုချိန်ထိပဲပေါ့။ စစ်ကောင်စီဘက်ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ပစ်တယ်။ မြို့ပေါ်မှာ MI35 နဲ့ ပြီးရင် လေယာဉ်တွေနဲ့ ကြဲတယ်။ လက်နက်ကြီးကြောင့် လောင်တာလည်းရှိတယ်၊ (-) တွေဘက်က တမင်ရှို့တာတွေလည်း ရှိတယ်ဗျ။ ဒီရက်ပိုင်းမှာတော့ အနီးနားရွာတွေက သောင်းဂဏန်းလောက် ထွက်ပြေးတိမ်းရှောင်နေရတယ်။ မကြာခင် တပတ်ပြည့်တော့မယ်နဲ့တူတယ်။ အိမ်ခြေ ၂ ထောင်လောက်ရှိတယ်။ ထိုမာ-ထောက်ကြံ့-စည်သာ အဲ့ဒီရွာတွေပေါ့ ရွာကြီးတွေ။ အိမ်ခြေ ထောင်ဂဏန်းရှိမယ် ၃ ရွာပေါင်းကိုလေ။ စစ်ရှောင်က သောင်းဂဏန်းနီးပါးလောက်ရှိတယ်။ ကလေးရဲ့ အရှေ့တောင်ပိုင်းလောက်ကျမှာပေါ့။ ပြီးခဲ့တဲ့ ပထမအကြိမ် ထိတွေ့တိုက်ပွဲတုန်းကတော့ စစ်ကောင်စီဘက်က ၇ ယောက်ကျတယ်ပေါ့နော်" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ကလေးတက္ကသိုလ်ထဲမှာ တပ်စွဲကာ ကျေးရွာတွေဘက်ကို နှစ်နဲ့ချီပြီး လက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့် ဒေသခံတော်လှန်ရေးအင်အားစုတွေက တိုက်ပွဲဖော်ဆောင်ခဲ့ပေမယ့် စစ်ကောင်စီဘက်ကတော့ တော်လှန်ရေးအင်အားစုတွေက ပညာရေးအဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုပြီး စွပ်စွဲဖို့ကြိုးစားခဲ့ပါတယ်။ 

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပေမဲ့ အတိအကျကိုတော့ ဒီဗွီဘီ က သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013