အင်ဒိုနီးရှားနိုင်ငံရဲ့ ပုန်ကန်မှုတွေဖြစ်ပွားနေတဲ့ ပါပူဝါဒေသမှာ စစ်သားတွေကို ရုပ်သိမ်းပေးဖို့ ရာနဲ့ချီတဲ့ ဒေသခံတွေ တောင်းဆိုဆန္ဒပြရာက ဧပြီ ၂၇ ရက်မှာတော့ ကျောင်းသားတွေနဲ့ အရပ်သားတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့တယ်လို့ ရဲအရာရှိတယောက်က ပြောပါတယ်။
အခုလ အစောပိုင်းက အဲဒီဒေသမှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတခုကြောင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် လူ ၁၅ ယောက် သေဆုံးခဲ့တယ်လို့ စွပ်စွဲချက်တွေ ရှိနေပါတယ်။
နိုင်ငံရဲ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က အဲဒီသေဆုံးမှုတွေကို ပြီးခဲ့တဲ့အပတ်က အတည်ပြုခဲ့ပြီး အစိုးရအနေနဲ့ အဲဒီဒေသရှိ စစ်ဆင်ရေးတွေကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုထားပါတယ်။
စစ်တပ်ဘက်ကတော့ ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး တစုံတရာ ဝန်ခံပြောဆိုခြင်း မရှိသေးပါဘူး။
တနင်္လာနေ့မှာ ဆန္ဒပြသူ အယောက် ၈၀၀ လောက်ဟာ မြို့တော် ဂျာယာပူရာရှိ နေရာ ၃ နေရာမှာ ချီတက်ဆန္ဒပြခဲ့ပြီးနောက် မြို့လယ်မှာ စုရုံးခဲ့ကြတယ်လို့ ပါပူဝါပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကျာယို ဆူကာနီတိုက ပြောပါတယ်။
ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပြီးနောက် နေရာတခုမှာ သူတို့ကို လူစုခွဲဖို့ မျက်ရည်ယိုဗုံးနဲ့ မီးသတ်ပိုက်တွေကို အသုံးပြုခဲ့ရတယ်လို့ ကျာယိုက ပြောဆိုပါတယ်။
အဲဒီဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆန္ဒပြသူတွေဘက်မှာတော့ ဒဏ်ရာရရှိတယ်ဆိုတဲ့ သတင်းပေးပို့ချက် မရှိသေးဘူးလို့လည်း ဆိုပါတယ်။
ကမ္ဘာ့ဒုတိယအကြီးဆုံး ရွှေနဲ့ ကြေးနီတွင်းဖြစ်တဲ့ ဂရက်စ်ဘာ့ဂ် သတ္တုတွင်းဟာ ပါပူဝါဒေသမှာ တည်ရှိပြီး ဒါကို အင်ဒိုနီးရှားအစိုးရနဲ့ အမေရိကန် သတ္တုတွင်းလုပ်ငန်းကြီးဖြစ်တဲ့ ဖရီးပေါ့ထ် တို့က ပူးတွဲပိုင်ဆိုင်ထားကြပါတယ်။
Source: Reuters










