DVB Logo
Home
မြန်မာသတင်း
ကနီမြို့တွင် နေ့စဉ် တိုက်ပွဲဖြစ်ပြီး ဒေသခံထောင်ချီ စစ်ရှောင်နေရ
DVB
·
March 10, 2024
ကနီမြို့တွင် နေ့စဉ် တိုက်ပွဲဖြစ်ပြီး ဒေသခံထောင်ချီ စစ်ရှောင်နေရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့မှာ မတ် ၂ ရက်နေ့ကနေ မတ် ၉ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေသလို စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများနေတာကြောင့် လေကြောင်းကနေ နေ့တိုင်း ပစ်ခတ်နေပြီး ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။

ညောင်ပင်ဝန်းရွာ ဒေသခံတယောက်က “တိုက်ပွဲကတော့ နေစဉ်ဖြစ်နေတာဗျ ။ စစ်တပ်ဘက်ကတော့ အကျအဆုံးများနေတယ်လို့ သိရတယ်။ သူတို့ စစ်ရှုံးနေလို့လည်း လေယာဉ်တွေနဲ့ နေ့တိုင်းပစ်နေတယ်ဗျ။ မတ် ၂ ရက်နေ့ကလည်း ပေါင် ၅၀၀ ဗုံးသီးတွေ၊ Rocket တွေ၊ စက်လက်နက်တွေနဲ့ လည်း ပစ်တယ်။ အရပ်သား ထိခိုက်တာကတော့ ကနီမြို့အတွင်းပြည်သူအများစု ထိခိုက်တာများတယ်ဗျ။ ကျနော်တို့ ကနီမြို့ဘေးက ကျေးရွာကပြည်သူတွေကိုတော့ ကနီမြို့ကို ဝင်မတိုက်ခင်တပတ်လောက်အလိုမှာ နေရပ်က အမြန်ထွက်ဖို့ သတိပေးလို့ အရင်ကြိုထွက်လာလို့ ထိခိုက်မှုနည်းတယ်။ စစ်ရှောင်နေရတာ ၁၅ ရက်ရှိနေပြီ။ ဒီနေ့ မတ် ၉ ရက်နေ့  နေ့လယ်ပိုင်းကလည်း တိုက်ပွဲဖြစ်ကြသေးတယ်။ နှစ်ဖက်ထိခိုက်မှုတော့ မသိရဘူး။ ညနေ ၄ နာရီကျော်အချိန်ကျတော့ လေယဉ်နဲ့ဗုံးကြဲသေးတယ်။ Rocket နဲ့လည်း ပစ်တယ် စက်လက်နက်နဲ့လည်း ပစ်တယ်” လို့ ပြောပါတယ်။

စစ်ရှောင်နေရတာ ရက်ကြာလာတာကြောင့် စစ်ရှောင်တွေအတွက် အစားအသောက်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

ကနီမြို့တွင်းတိုက်ပွဲအပြင် မတ် ၇ ရက်နေ့က ပုလဲ၊ အင်မထီးရွာကနေ စစ်ကူလာတဲ့ စစ်အုပ်စုနဲ့ ပျူပူးပေါင်းတပ်တွေနဲ့လည်း ကနီမြို့အနောက်ဘက် ၁ မိုင်အကွာမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တွေက ပြောပါတယ်။

ကနီပြည်သူ့ကာကွယ်ရေးတပ်ရင်းမှူးတယောက်က “သူတို့ ကနီမြို့ထဲမှာ စစ်ရှုံးလာတော့  စစ်ကူ‌တွေနဲ့ တန်ပြန်ထိုးစစ်ဆင်လာတယ်။ မနေ့ မတ်လ ၈ ရက်‌နေ့ကလည်း စစ်ကူလာတဲ့ ကောင်တွေနဲ့လည်း တိုက်ပွဲဖြစ်သေးတယ်။ စစ်(-)ရော၊ ပျူရော ကျဆုံးတာများတယ်။ ဒီနေ့ တိုက်ပွဲလည်း စစ်(-)တွေဘက် ကျဆုံးတာများတယ်။ ကိုယ့်ဘက်ကတော့ ထိခိုက်မှု မရှိခဲ့ဘူး။ တိုက်ပွဲသတင်းအပြည့်စုံကတော့ ခရိုင်ပကဖနဲ့ NUG ကာကွယ်ရေးဝန်ကြီးဘက်က ထုတ်ပြန် ပေးပါလိမ့်မယ်ဗျ” လို့ ပြောပါတယ်။

ကနီမြို့အတွင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်က  မတ် ၇ ရက်၊ ၈ ရက်နေ့မှာ ရပ်ကွက် ၃ ကပြည်သူ့နေအိမ်တွေကို မီးရှို့ခဲ့သလို လေယာဉ်နဲ့ပစ်ခတ်လို့ မြို့ပေါ်က နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက လေယာဉ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ မတ် ၂ ရက်နေ့ကစပြီး ကနဲရွာ၊ ကျွန်းဖျားရွာ၊ စိန်ကုန်းရွာ၊ ညောင်ပင်ဝန်းရွာ၊ တဇယ်ချောင်ရွာ၊ မင်းကုန်းရွာ၊ ရှမ်းမြောင်းရွာ၊ ညောင်သူများရွာ စတဲ့ ရွာတွေက ပြည်သူထောင်နဲ့ချီ စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013