DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်က နောက်တန်းမိသားစုဝင်များကို စစ်ရေးတွင် အသုံးပြုနေ
DVB
·
March 10, 2024
စစ်ခေါင်းဆောင်က နောက်တန်းမိသားစုဝင်များကို စစ်ရေးတွင် အသုံးပြုနေ
Donate to DVB

စစ်ခေါင်းဆောင်က လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေမှာ အရာရှိစစ်သည်တွေရဲ့ ဇနီးတွေကိုပါ စစ်ရေးမှာ အသုံးပြုလာတာကြောင့် မိသားစုတွေ စိတ်ပူနေကြရတယ်လို့ တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့ သင်္ဃန်းညီနောင်နယ်မြေက အခြေစိုက်စစ်စခန်းတွေကို KNU နဲ့ပူးပေါင်းတပ်တွေ လာရောက် တိုက်ခိုက်မခံရခင် တပ်ရင်းမှူးနဲ့ တပ်ခွဲမှူးတွေက သူတို့ မိသားစုတွေကို ဘေးလွတ်ရာရွှေ့ခဲ့ပေမဲ့ တခြားအဆင့် မိသားစုဝင်တွေကိုတော့ တိုက်ပွဲမှာ ကူတိုက်ခိုင်းတယ်လို့ ခမရ ၃၅၅ နဲ့နီးစပ်သူတယောက်က ပြောပါတယ်။

“တိုက်ပွဲဖြစ်နေတာ ရဲဘော်တွေ မိန်းမတွေက တိုက်နေရတဲ့အချိန် ၃၅၅ က တပ်ရင်းမှူးကတော် ပျောက်လို့ ရှာပေးရသေးတယ်။ မိန်းမတွေနဲ့ ကလေးတွေကို ဘေးလွတ်ရာ ရွှေ့မယ်ဆို အကုန်ရွှေ့စေချင်တယ်” လို့ ပြောပါတယ်။

လူသစ်မစုဆောင်းနိုင်သလို စစ်ကောင်စီတပ်သားနဲ့ ပြည်သူ့စစ်အင်အား ပြုန်းတီးလာတဲ့ စစ်တပ်ဟာ အရာရှိ စစ်သည် ဇနီးတွေကို စစ်သင်တန်းပေးပြီး နောက်တန်းမှာ မိမိစခန်းမကျအောင် ကာကွယ်တာက အစဉ်အလာဖြစ်ပေမဲ့ မိသားစုဝင်တွေကို ရွှေ့ပြောင်းရာမှာလည်း တန်းတူဖြစ်စေချင်တယ်လို့ စစ်မှုထမ်းတယောက်က ပြောပါတယ်။

“နောက်တန်းမှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေက နောက်တန်းက စခန်းမကျအောင် ကာကွယ်ရတာ လုပ်ရိုးလုပ်စဉ်ပါပဲ။ ဒါပေမဲ့ ပြောချင်တာ ရန်သူအင်အားများလာတဲ့အခါ အရေးပေါ် ပြောင်းရွှေ့ပေးတဲ့အခါ တန်းတူဖြစ်စေချင်တယ်။ အခုက တိုက်ပွဲက မဖြစ်သေးဘူး။ တပ်ရင်းမှူး မိသားစုဝင်တွေ အရင်ပြောင်း၊ အခြားအဆင့်ရဲ့ မိသားစုတွေက ရှိတဲ့အင်အား ခံတိုက်၊ နောက်ဆုံး မရတော့မှ စခန်းက ခွာခိုင်းတာ ဒါတော့မဖြစ်သင့်ဘူး” လို့ ပြောပါတယ်။

ရခိုင်၊ ကချင်၊ ကရင်နဲ့ ကရင်နီပြည်နယ်မှာ  တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေမှာ နောက်တန်းက အရာရှိစစ်သည်တွေရဲ့ ဇနီးတွေကိုပါ စစ်ရေးမှာ အသုံးပြုလာတယ်လို့လည်း တပ်မိသားစုဝင်တယောက်က ပြောပါတယ်။

“ရခိုင်က တိုက်ပွဲတွေမှာ မိန်းမတွေကိုပါ ဝင်တိုက်ခိုင်းတာ။ သမီးလေးကို ပြန်လာဖို့ပြောတာ တပ်က ပေးမလွှတ်ဘူး။ နောက်တန်းမှာ ကာကွယ်ဖို့နေရမယ်ဆိုပြီး တပ်က အမိန့်ထုတ်ထားတယ် ပြောတယ်။ အဲနောက်ပိုင်း အဆက်အသွယ်မရဘူး။ သူ ရှိတဲ့ မင်းပြား ခမရ ၃၈၉ တပ်က လက်နက်ချသွားတယ် ကြားတယ်။ သတင်းမရဘူး ဖြစ်နေတယ်” လို့ ​ပြောပါတယ်။

အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ လက်ရှိမှာ တိုင်းရင်းသား မဟာမိတ်တော်လှန်ရေးတပ်တွေရဲ့ ဘက်ပေါင်းစုံက ထိုးစစ်ဆင် တိုက်ခိုက်တာကို ကြုံနေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013