DVB Logo
Home
မြန်မာသတင်း
မအူပင်တွင် ဆိုင်ကယ်အဝယ်မရှိသလောက်ဖြစ်ပြီး အရောင်းပြခန်း ၁၅ ထက်မနည်း ပိတ်ရ
DVB
·
March 10, 2024
မအူပင်တွင် ဆိုင်ကယ်အဝယ်မရှိသလောက်ဖြစ်ပြီး အရောင်းပြခန်း ၁၅ ထက်မနည်း ပိတ်ရ
Donate to DVB

စစ်တပ်က အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်က မော်တော်ဆိုင်ကယ် အရောင်းဆိုင်တွေမှာ အဝယ်မရှိသလောက် ဖြစ်နေလို့ ဆိုင်ကယ် အရောင်းပြခန်း ၁၅ ခုထက် မနည်း ပိတ်သိမ်းထားရတယ်လို့ မော်တော်ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် အလုပ်အကိုင် ရှားပါးလို့ စီးပွားရေးတွေ ကျဆင်းလာပြီး မော်တော်ဆိုင်ကယ် အရောင်းအဝယ် မရှိသလောက်ဖြစ်ကာ မတ်လ ပထမအပတ်အထိ မော်တော်ဆိုင်ကယ် အရောင်းပြခန်း ၁၅ ခုထက်မနည်း ပိတ်သိမ်းထားရတယ်လို့ ဆိုပါတယ်။

မအူပင်မြို့က ဆိုင်ကယ် အရောင်းအဝယ် လုပ်ငန်းရှင်တယောက်က “တချို့ကတော့ အရင်က ဆိုင်ကယ်လေးတွေကိုပဲ လက်ကျန်တွေဖြတ် ရောင်းနေတော့တယ်။ ဆိုင်ကယ်အရောင်းအဝယ်က လုံးဝကို ရပ်ဆိုင်းသွားတာ။ လက်ရှိ အရောင်းပြခန်း ၁၅ ခုအထိ ပိတ်ထားရတယ်။ ပထမ ကိုဗစ်ဖြစ်လို့ စီးပွားရေးမကောင်းခဲ့တာ။ ထပ်ပြီးဖြစ်ပေါ်လာတဲ့ အာဏာသိမ်းမှုကြောင့် ပိုဆိုးသွားတာ။ စစ်တပ်က အာဏာသိမ်းတဲ့ အကျိုးဆက်ကြောင့် ဒီနေ့အထိ အရောင်းအဝယ်လုပ်ငန်းတွေ လုပ်ရတာ မကောင်းဘူး။ အရင်က အရမ်းစည်ကားခဲ့တာ။ အခုက မအူပင်မြို့မှာ ကိုယ်တယောက်တည်း အဆင်မပြေတာ မဟုတ်ဘူး။ ကိုယ်နဲ့ တန်းတူ လုပ်ငန်းရှင်တွေလည်း စီးပွားရေးတွေ အဆင်မပြေကြတော့ဘူး။ ဒါ့ကြောင့် ရပ်တန့်ကုန်တာ” လို့ ပြောပါတယ်။

မအူပင်မြို့နယ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆိုင်ကယ် အရောင်းပြခန်းတွေကို ရုတ်တရက် ဝင်ရောက်ပြီး လိုင်စင်မဲ့ဘီးတွေ မရှိစေဖို့လို့ ခေါင်းစဉ်တပ် စစ်ဆေးငွေညှစ်တာ၊ ဆိုင်ကယ်စီးသူတွေကို ယာဉ်အန္တရာယ်ကာကွယ်ရေးလို့ ခေါင်းစဉ်တပ် ဖမ်းဆီးစစ်ဆေး ငွေညှစ်တာ၊ ဆိုင်ကယ်ပေါ် ယောကျ်ားလေး ၂ ယောက်စီးလာရင် ခြိမ်းခြောက် ငွေညှစ်တာ၊ စက်သုံးဆီဈေးတွေ မဆမတန် ထိုးတက်နေတာစတဲ့ လုပ်ရပ်တွေနဲ့ အခြေအနေကို စစ်ကောင်စီတပ်က လုပ်တာကြောင့်လည်း အခုလို အခြေအနေတွေဖြစ်ပေါ်လာတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဆိုင်ကယ် အရောင်းပြခန်း လုပ်ငန်းရှင်တယောက်က “အရင်က အရစ်ကျ စနစ်ရော၊ လက်ငင်းစနစ်ရော အရောင်းအဝယ် အရမ်းဖြစ်ခဲ့တာ။ အခုကျ ဘယ်သူမှ ဆိုင်ကယ်ဝယ်ဖို့ မလုပ်ကြတော့ဘူးလေ။ စီးပွားရေးတွေက တော်တော်ကျပ်တည်းလာတယ်။ ကိုယ်တွေ စီးပွားရေးသမားတွေတောင် အဆင်မပြေတာ။ သာမာန်သူတွေက ပိုဆိုးတာပေါ့။ ပိုက်ဆံအနည်းငယ်ရှိသူတွေကြတော့လည်း ဖြစ်နေတဲ့ ခေတ်အခြေအနေကိုကြည့်ပြီး ငွေကို လက်ထဲမှာပဲ ထားကြတာ။ ဆိုင်ကယ်က မရှိမဖြစ်မှ မဟုတ်တော့တဲ့ အခြေအနေဖြစ်သွားတာ။ အဲတော့ မဝယ်ကြတော့ဘူး” လို့ ပြောပါတယ်။

မအူပင်မြို့နယ်က ဒေသခံ လယ်သမားတယောက်ကလည်း အခုအခြေအနေမှာ အသစ် မဝယ်နိုင်တဲ့အပြင် ရှိတဲ့ ဆိုင်ကယ်ကိုတောင် ထုတ်ရောင်းလိုက်ရတယ်လို့ ပြောပါတယ်။

“အသစ်ထပ်ဝယ်ဖို့ မပြောနဲ့။ ရှိတဲ့ဘီးကောင်းလေးတောင် ငွေလိုတာနဲ့ ပြီးခဲ့တဲ့ရက်က ထုတ်ရောင်းခဲ့ပြီ။ ဆိုင်ကယ်ဈေးတွေကလည်း ရိုးရိုးဘီးလေးတွေတောင် ၁၀ မကျော်ဘဲ ဖြစ်လာတယ်။ အရင်က ၅ သိန်း တန်လောက်တွေပေါ့။ အရင်က အခုလို စပါးပေါ်ချိန်ဆို ရွှေတွေ လုပ်ဖြစ်တယ်၊ ဆိုင်ကယ်လည်း ကြိုက်တဲ့ဘီး လဲလှယ်ဝယ်စီးဖြစ်တယ်။ အခုတော့ မငတ်ရုံဘဲ လုပ်နေရတာ” လို့ ပြောပါတယ်။

မအူပင် မော်တော်ဆိုင်ကယ်ဈေးကွက်မှာ စစ်တပ်က အာဏာမသိမ်းခင်အချိန် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားခဲ့တဲ့အချိန်က စီးပွားရေးကျဆင်းခဲ့ပေမဲ့ မော်တော်ဆိုင်ကယ်တွေ အရာင်းအဝယ် အဆမတန်ထိုးကျခဲ့တာ မဖြစ်ခဲ့သလို အရောင်းပြခန်းတွေလည်း အခုလို ပိတ်သိမ်းရတဲ့အထိ မဖြစ်ခဲ့ဘူးလို့ မော်တော်ဆိုင်ကယ် ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013