DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့ပေါ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၊ သေဆုံး ဒဏ်ရာရသူ များပြား
DVB
·
March 10, 2024
စစ်တွေမြို့ပေါ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၊ သေဆုံး ဒဏ်ရာရသူ များပြား
Donate to DVB

ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေမှာ  မတ်လ ၉ ရက် ည ၁၁ နာရီက စစ်ကောင်စီတပ်ကနေ  ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရ သေဆုံးမှုရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် စစ်တွေမြို့ပေါ်က ကသဲရွာအနီးအနား နေထိုင်တဲ့ ဟိန္ဒူလူမျိုးတွေအပါအဝင် သေဆုံးသူ ၅ ဦးထက် မနည်းရှိကာ ဒဏ်ရာရရှိသူ ၁၀ ဦးလောက်ရှိပြီး လူဦးရေအတိအကျကို မသိရှိရသေးပါဘူး။

စစ်တွေမြို့ ကျောင်းကြီးလမ်း ရပ်ကွက်မှာ နေထိုင်သူ တဦးက "ည ၁၁ လောက်မှာ လက်နက်ကြီးကျည်ကျတာ။ ကသဲရွာက ဗလီနားမှာလို့ ပြောတယ်။ မီးလောင်တာတော့ မတွေ့ဘူး။ ကျတာနဲ့ အော်သံတွေ ငိုသံတွေနဲ့ ကမ္ဘာတခုလုံး ပျက်သလို ဖြစ်သွားတယ်။ ဘယ်ကနေပစ်တာလဲ မသိရဘူး။ ညဘက်ဆိုတော့ ထွက်လည်းမကြည့်ရဲကြဘူး။ ဒဏ်ရာရသူတွေကိုတော့ ဆေးရုံကို ခေါ်သွားလားလဲ မသိရဘူး”လို့ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေရှိပေမဲ့ စစ်ကောင်စီက စစ်တွေမှာ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့အပြင် လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးတွေ ဖြတ်တောက်ထားတာကြောင့် သေဆုံးသူ၊ ဒဏ်ရာရရှိသူ အတိအကျသိနိုင်ဖို့ ခက်ခဲနေပါတယ်။

စစ်တွေမြို့ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးက "လျှပ်စစ်မီးလည်း ဖြတ်ထားတယ်။ ညမထွက်ရအမိန့်လည်းရှိတော့ ဘယ်သူမှ သွားမကြည့်ရဲကြဘူး။ ငိုသံတွေ အော်သံတွေ ကြားရတော့ ကမ္ဘာပျက်သွားသလား မှတ်ရတယ်။ အခုအချိန်ထိ သေသူတွေကို ဘယ်ကို သယ်သွားလဲ၊ ဒဏ်ရာရသူတွေကိုပါ ဘယ်ကိုယူသွားလဲ မသိကြသေးဘူး။ မြို့ခံတွေလည်း အတော်ကြောက်နေကြတယ်။ စစ်တွေမြို့ထဲမှာ လုံခြုံရေးက အထူးစိုးရိမ်စရာဖြစ်လာပြီ”လို့ ပြောပါတယ်။

ပြည်သူတွေကို စစ်ကောင်စီဘက်ကနေ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးဦးလှသိန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားပေးခြင်း မရှိခဲ့ပါဘူး။

စစ်တွေမြို့ပေါ်မှာ ဖေဖော်ဝါရီ ၂၉ ရက်ကလည်း စစ်ကောင်စီရေတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကိုးရီးယားဆိပ်ကမ်းက ပျံကျစျေးမှာ ပြည်သူ ၁၂ ဦးသေဆုံးခဲ့ပြီး ၈၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်တွေစျေး ပစ်ခတ်ခံရမှုဖြစ်စဥ်ဟာ စစ်ကောင်စီအနေနဲ့ စစ်ရာဇဝတ်မှုကို ပေါ်ပေါ်ထင်ထင် ကျူးလွန်တာဖြစ်ပြီး ကျုးလွန်သူတွေအနေနဲ့ တာဝန်ယူ၊ တာဝန်ခံမှု အပြည့်အဝရှိရမှာဖြစ်ပြီး ထိရောက်တဲ့ အပြစ်ပေးမှုတွေနဲ့ လက်တုံ့ပြန်မယ်လို့ ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့  စစ်တွေစျေး ပစ်ခတ်ခံရမှုဖြစ်စဥ်ဟာ  အေအေဘက်က ပစ်ခတ်လို့ဖြစ်တာလို့ ပြန်လည်စွပ်စွဲထားပါတယ်။

စစ်ကောင်စီဟာ အေအေတပ်တွေ သိမ်းယူထားတဲ့ မင်းပြားမြို့နဲ့ ပုဏ္ဏားကျွန်းမြို့ အပါအဝင် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရသေ့တောင်၊ ရမ်းဗြဲမြို့တွေကိုပါ လေကြောင်း၊ ရေကြောင်းတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်လို့ ပြည်သူတွေပိုင်ဆိုင်တဲ့ နေအိမ်အပါအဝင် စျေး၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေပါ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ရခိုင်ပြည်မှာ စစ်ရေးအရ ရှုံးနိမ့်လာတဲ့ စစ်ကောင်စီဟာ အရေးပါတဲ့ စစ်စခန်းတွေ၊ ဗျူဟာကုန်းတွေအပါအဝင် ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနဲ့ တောင်ပြိုလက်ဝဲ လက်ယာ မြို့တွေကိုပါ  အေအေက သိမ်းပိုက်ထားကြောင့် ပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို ပိုမိုပစ်မှတ်ထားပြီး တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

ရခိုင်ပြည်သူတွေအနေနဲ့ လေကြောင်းအပါအဝင် လက်နက်ကြီး လက်နက်ငယ်တွေရဲ့ အန္တရာယ်ကို သတိ ဝီရိယထားပြီး စောင့်ကြည့်ကြဖို့နဲ့ ပေါ့ပေါ့တန်တန် မထားကြဘဲ စစ်ရေးသတိနဲ့ သွားလာကြဖို့ပါ အေအေက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013