
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဧပြီ ၆ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ယောက် သေဆုံးကာ လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပခုက္ကူ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တပ်ခွဲ ၂ (မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ - MRG) ဆီကနေ သိရပါတယ်။
MRG တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “အဲဒီနေ့ ညနေ ၆ နာရီမထိုးခင်လောက်မှာ ကျနော်တို့ဆီက ရဲဘော်ကိုခက် ဦးဆောင်တဲ့ တပ်စိပ်က စစ်တပ် တပ်စွဲနေတဲ့ ပခုက္ကူ စက်မှုဇုန်ဂိတ်ကို ဝင်တိုက်ဖို့ ထွက်သွားကြရင်း စစ်တပ်ကင်းပတ်အဖွဲ့နဲ့ ထိပ်တိုက်ကြုံပြီးတော့ တိုက်ပွဲဖြစ်ခဲ့တာပါ။ စစ်သား ၄ ယောက် သေဆုံးပြီးတော့ ၂ ယောက် ဒဏ်ရာရပြီး ထွက်ပြေးသွားတာ မျက်မြင်တွေ့ခဲ့ရတယ်” လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်တပ်လက်အောက်ခံတွေဆီကနေ MA3 သေနတ် ၂ လက်၊ MA1 MK II T1 သေနတ်တလက်တို့ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
MRG တပ်ဖွဲ့ တာဝန်ရှိသူတယောက်က “တိုက်ပွဲဖြစ်တဲ့နေရာက စက်မှုဇုန်နဲ့ မဝေးလှဘူး။ တိုက်ပွဲက ၁၅ မိနစ်လောက် ကြာခဲ့ပြီးတော့ ကျနော်တို့ဘက်က လက်ဦးမှုရခဲ့တယ်။ တိုက်ပွဲဖြစ်နေချိန်မှာ စက်မှုဇုန် ၆ လမ်း စစ်တပ်အထိုင်ဂိတ်ကနေပြီးတော့ ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ လှမ်းထုပြီးတော့ လက်နက်ငယ်တွေနဲ့ပါ ပစ်ကူပေးခဲ့တယ်။ ကျနော်တို့ရဲဘော်တွေဘက်ကတော့ ထိခိုက်ဒ ဏ်ရာရတာ မရှိပါဘူး” လို့ DVB ကို ပြောပါတယ်။
စစ်တပ်ပတ်ကင်းနဲ့ လမ်းခုလတ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် စစ်တပ်အထိုင် ပခုက္ကူ စက်မှုဇုန်ဂိတ်ကို သွားရောက်မပစ်ခတ်တော့ဘဲ တိုက်ပွဲအတွင်း ရရှိတဲ့ လက်နက်တွေ သိမ်းဆည်းပြီး ပြန်လည်ဆုတ်ခွာလာခဲ့ကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒေသခံပြည်သူတွေ အနေနဲ့လည်း စစ်တပ်အထိုင်ဂိတ်တွေနဲ့ အနီးကပ် နေထိုင်တာတွေနဲ့ စစ်တပ်လက်အောက်ခံတွေရဲ့ မော်တော်ယာဥ်တွေနဲ့ အနီးကပ် မောင်းနှင်တာတွေ မပြုလုပ်ကြဖို့အပြင် တိုက်ပွဲဖြစ်ပွားနေတဲ့ အချိန်တွေမှာလည်း တိုက်ပွဲဖြစ်ပွားတဲ့ နေရာဝန်းကျင်ကနေ အမြန်ဆုံး ရှောင်ရှားပေးကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ပခုက္ကူစက်မှုဇုန်မှာ အထိုင်ဂိတ်ချ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံတွေဟာ ခရီးသွားပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်တာတွေအပြင် အခုနှစ်ပိုင်းတွေမှာလည်း လမ်းသွားလမ်းလာ လူငယ်တွေကို မတရား ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ပခုက္ကူမြို့ခံတွေဆီကနေ သိရပါတယ်။










