DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြို့နယ် တာမခန်စခန်းသိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်
DVB
·
March 7, 2024
ဖားကန့်မြို့နယ် တာမခန်စခန်းသိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာမခန်တပ်စခန်းသိမ်းတိုက်ပွဲ  ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး တာမခန်ဘက်ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ ပူးပေါင်းတပ်တွေ ကသိုဏ်းတောင်တပ်စခန်းအနီးမှာလည်း တိုက်ပွဲပြင်းထန်နေပါတယ်။ 

တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မြို့နယ် တာမခန်ကျေးရွာအနီးက တပ်စခန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ များနေပေမယ့် တပ်စခန်းလက်မလွှတ်ရရေးအတွက် စစ်ရဟတ်ယာဥ် ၃ စီးနဲ့ စစ်အင်အား ထပ်မံလာချသွားပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၆ ရက်နေ့ ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက ရဟတ်ယာဥ် ၃ စီးနဲ့ ဖားကန့်မြို့နယ် ကသိုဏ်းတောင် စစ်ကောင်စီတပ်စခန်းမှာ အင်အား ၃၀ ခန့် လာရောက်ချထားခဲ့တယ်လို့  ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ နီးစပ်တဲ့ အသိုက်အဝန်းက သိရပါတယ်။

ရဟတ်ယာဉ်နဲ့ လာချသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ တာမခန်ဘက်ကို စစ်ရေးအင်အားဖြည့်တင်းဖို့ ကသိုဏ်းတောင်ကနေ ထွက်လာချိန်မှာပဲ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ပူးပေါင်းတပ်တွေက မတ် ၇ ရက် မနက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

တာမခန်ကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေနဲ့ PDF ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်က စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ တာခန်ရဲစခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တာမခန်ရဲစခန်းကုန်းသိမ်းပိုက်ရရှိချိန်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိသလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၂ ဦးကိုလည်း အရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ တာမခန်ရဲစခန်းကုန်း သိမ်းပိုက်ခံရကတည်းက ဖားကန့်မြို့နယ်တဝိုက်က စစ်ကောင်စီတပ်စခန်းကုန်းတွေကနေ လက်နက်ကြီးနဲ့ အကြိမ် ၁၀၀ ကျော် ပစ်ခတ်ခဲ့သလို လေကြောင်းကနေ အကြိမ် ၁၀၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။

တိုက်ပွဲပြင်းထန်နေတာကြောင့် တာမခန်ကျေးရွာနဲ့ အနီးအနားက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ မတ် ၃ ရက်ကလည်း တာမခန်ဘက်ကို စစ်ကူလာတဲ့ အင်အား ၆၀ ခန့်ရှိ စစ်ကောင်စီတပ်နဲ့ SNA တပ်တွေက ရွာထဲကို ဝင်ရောက် အခြေချကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

ရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်တွေနဲ့ SNA တပ်တွေကို ကေအိုင်အေ နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မတ် ၅ ရက်နေ့မှာ တာမခန်ရွာထဲ ဝင်ရောက်ပြီး တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်နဲ့ SNA တပ်တွေက ၅၀ ကျော် သေဆုံးပြီး တချို့ ဖမ်းဆီးရမိတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ တာမခန်ကျေးရွာက ဒေသခံတွေကတော့ လက်ရှိတိုက်ပွဲ ပြင်းထန်နေဆဲဖြစ်တာကြောင့် နေရပ်မပြန်နိုင်သေးဘဲ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

တာမခန်တပ်စခန်းဟာ ဖားကန့်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေရဲ့ စစ်ရေးအရ စစ်ကိုင်းနဲ့ ဟုမ္မလင်း ဘက်ကိုပါ ဆက်သွယ်ထားတဲ့ လမ်းကြောင်းဖြစ်တာကြောင့် စစ်ကောင်စီဘက်က စခန်းလက်မလွှတ်ရအောင် လေကြောင်းနဲ့ နေ့စဉ် ဗုံးကြဲနေသလို အင်အားပို့ တိုက်ခိုက်နေတာပါ။

ဒါ့အပြင် မတ် ၇ ရက်ကလည်း မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ် ဝိုင်းမော်နဲ့ ဒေါ့ဖုန်းယန်မြို့နယ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဗျူဟာမြောက်တဲ့ တပ်စခန်းတွေကိုကေအိုင်အေက ထိုးစစ်ဆင်တိုက်ပွဲ ဆင်နွှဲလိုက်ပြီဖြစ်ပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013