DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် ၁ လအတွင်း လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းမှု အကြိမ် ၂၀ ထက်မနည်းဖြစ်ပွား
DVB
·
March 7, 2024
ပုသိမ်တွင် ၁ လအတွင်း လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းမှု အကြိမ် ၂၀ ထက်မနည်းဖြစ်ပွား
Donate to DVB

ပြီးခဲ့တဲ့ ဖေဖော်ဝါလအတွင်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ လုယက်၊ ဓားပြတိုက်၊ ဖောင်ထွင်းခိုးယူတဲ့ဖြစ်စဉ် အကြိမ် ၂၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ တရားခံတွေကိုလည်း ဖမ်းမမိခဲ့ဘူးလို့ စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ၂၉ ရက်အထိ ၁ လအတွင်း ပုသိမ်မြို့မှာ လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူတဲ့ ဖြစ်စဉ် အကြိမ် ၂၀ ထက်မနည်း ဖြစ်ပွားခဲ့ပြီး နေအိမ်တွေ ဖောက်ထွင်း ခိုးယူခံရတာ အများဆုံးဖြစ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ပုသိမ်မှာ လုယက်၊ ဓားပြတိုက်၊ ခိုးယူတဲ့ဖြစ်စဉ်တွေက တရက်နဲ့တရက် ပိုအဖြစ်များလာတယ်။ အာဏာပိုင်တွေကလည်း ဒုစရိုက်သမားတွေကို ဖမ်းဆီး စစ်ဆေး နှိမ်နင်းတာထက် နိုင်ငံရေးသမားတွေကို ဖမ်းနေတာ။ အခုလို ဒုစရိုက်ဖြစ်စဉ်တွေ အဖြစ်များလာတာကလည်း စီးပွားရေးတွေ ကျပ်တည်းလာပြီး အလုပ်အကိုင်တွေ ရှားပါးလာတော့ အခုလိုဖြစ်လာတာလို့ ယူဆတယ်။”

ပုသိမ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ လအတွင်းက လုယက်၊ ဖောက်ထွင်း၊ ခိုးယူ၊ ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ် ၁၃ ကြိမ်အထိသာ ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလထဲမှာ အကြိမ်ရေ ၂၀ ထက်မနည်း ဖြစ်ပွားခဲ့တာကြောင့် ဖြစ်စဉ် ၇ ကြိမ်အထိ ပိုမိုဖြစ်ပွားလာတယ်လို့ စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပုသိမ်မြို့ခံတယောက်က “အရင်က ဘယ်ပစ္စည်း ဘယ်နားထားထား ပျောက်တယ်ဆိုတာ လုံးဝမရှိဘူး။ ပုသိမ်မြို့ကြီးက အရမ်းအေးချမ်းတာ။ အခု ကိုယ့်အိမ်ရှေ့ကိုယ် ဆိုင်ကယ်တောင် မရပ်ထားရဲဘူး ဖြစ်နေတယ်။ သတိမေ့သွားတာနဲ့ ပါသွားရော။ အာဏာသိမ်းပြီးနောက် အလုပ်အကိုင် ရှားပါးလာတာကြောင့် ငတ်ပြတ်လာပြီး ဒီလိုပြဿနာတွေ ဖြစ်လာတာ။ နောက်ကို အခုထက် ပိုဖြစ်လာဖို့ပဲရှိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၁ လအတွင်း လုယက်၊ ဓားပြတိုက်၊ ဖောက်ထွင်းခိုးယူတဲ့ ဖြစ်စဉ်တွေဟာ ဖေဖော်ဝါရီ ပထမအပတ်နဲ့ ဒုတိယအပတ်လောက်မှာ အများဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပုသိမ်မြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ ရဲတွေက နှစ်ရက်တကြိမ်၊ သုံးရက်တကြိမ် ကင်းလှည့် စစ်ဆေးတာတွေ လုပ်နေပေမဲ့ နိုင်ငံရေးသမားတွေနဲ့ NLD ပါတီ ထောက်ခံသူတွေကိုသာ ဖမ်းဆီးပြီး ဒုစရိုက်သမားတွေကို ဖမ်းမိတာ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013