
အာဆီယံအနေနဲ့ လိုရင်းမရောက်တဲ့ ဝေ့လည်ကြောင်ပတ်အပြောတွေကိုရပ်ပြီး မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဇူလိုင် ၂၉ ရက်မှာ ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ လက်ရှိအောက်လွှတ်တော်အမတ် ဆိုင်ဖူဒင်အဗဒူလာ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ကဆစ်ပီရွမ်ယာနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကျွမ်းကျင် ပုဂ္ဂိုလ်ဟောင်းတွေက ပူးတွဲထုတ်ပြန်တာဖြစ်ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အတည်ပြုခဲ့တာ ၅ နှစ်ကျော်ခဲ့ပြီဖြစ်လို့ အခုတော့ အဲဒီ သဘောတူညီချက်တွေက မြန်မာစစ်အာဏာရှင်က အပြည့်အဝ အကောင်အထည် ဖော်လာအောင် နောက်ဆုံး ကြပ်မတ်ရမဲ့အချိန်ရောက်ပြီလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့အပတ်က မနီလာမြို့မှာ ကျင်းပခဲ့တဲ့ ၅၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာနိုင်ငံအတွင်း ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်တာနဲ့ပတ်သက်ပြီး တိုးတက်မှု ရှိ၊ မရှိ တိုင်းတာရာမှာသုံးမဲ့ ဖြစ်နိုင်ခြေစံသတ်မှတ်ချက်တွေ ချမှတ်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်ကလည်း ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေး စစ်အုပ်စုရဲ့ လုပ်ဆောင်ချက်တွေ တိုးတက်မှုရှိ၊ မရှိ ဆန်းစစ်အကဲဖြတ်နိုင်ဖို့ လာမဲ့နိုဝင်ဘာလ အာဆီယံခေါင်းဆောင်တွေ ထိပ်သီးညီလာခံမတိုင်ခင် တရားဝင် စံသတ်မှတ်ချက်တွေ ရေးဆွဲချမှတ်နိုင်အောင်လုပ်မယ်လို့ ပြောခဲ့ပေမဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ အကောင်အထည်ဖော်ဖို့ လက်တွေ့လုပ်ဆောင်ချက်တခုမှ အဆိုပြုတင်သွင်းနိုင်ခဲ့တာမရှိဘူးလို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်တုန်းကလည်း စစ်အုပ်စုနဲ့ နိုင်ငံရေးထိတွေ့ဆက်ဆံခဲ့တဲ့ အာဆီယံဟာ အရှက်တကွဲဖြစ်ခဲ့ရပြီး စစ်အာဏာရှင် မင်းအောင်လှိုင်က ဘုံသဘောတူညီချက် ၅ ရပ်ကို လက်ခံသဘောတူပြီး တရက်အကြာမှာ ပြန်လည်ချိုးဖောက်ခဲ့တယ်လို့ ထောက်ပြထားပါတယ်။
အဲဒီနောက်ပိုင်း အာဆီယံဟာ မရေမတွက်နိုင်လောက်အောင် အကြိမ်ကြိမ် လှည့်စားခံလာခဲ့ရပြီး ဒီနေ့အချိန်အထိလည်း စစ်အုပ်စုရဲ့ အရူးလုပ်ခံနေရတယ်လို့ ဆိုပါတယ်။
ပိုဆိုးတာကတော့ အာဆီယံဟာ စစ်အုပ်စုကိုအပြစ်ပေးဆုံးမဖို့ အကြိမ်ကြိမ် ပျက်ကွက်တာကြောင့် အရပ်သားပြည်သူတွေအပေါ် ပြင်းထန်တဲ့ လက်တွေ့အကျိုးဆက်တွေ ဆက်လက်ကျရောက်နေတာလို့ ဆိုပါတယ်။
ပြီးတော့ စစ်အုပ်စုဟာ နောင်မှာလည်း ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာမဲ့သူတွေ မဟုတ်ဘူးဆိုတာ မှတ်ယူထားရမှာဖြစ်ပြီး အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ် လိုက်နာအကောင်အထည်ဖော်မှုကို တိုင်းတာတဲ့ စံသတ်မှတ်ချက်တွေ၊ အဲဒီသတ်မှတ်ချက်တွေကို နောက်ဆုံးထား အကောင်အထည်ဖော်ရမဲ့အချိန်ကို အပြီးသတ်ချမှတ်ပြီး ကြေညာပေးဖို့၊ စံသတ်မှတ်ချက်တွေကိုမလိုက်နာရင် တဆင့်ချင်း တိုးမြှင့်အပြစ်ပေးအရေးယူနိုင်တဲ့ အစီအမံတွေကိုလည်း ချမှတ်ထားဖို့ တောင်းဆိုပါတယ်။
စစ်အာဏာရှင်အစိုးရရဲ့ ထိပ်ပိုင်းအရာရှိတွေအားလုံးနဲ့ အဆင့်မြင့်ထိတွေ့ဆက်ဆံမှုမပြုလုပ်ရေး တားမြစ်ချက်ကို ပြန်အသက်သွင်းဖို့၊ အလှည့်ကျအာဆီယံဥက္ကဋ္ဌကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အခန်းကဏ္ဍ ပူးတွဲတာဝန်ယူစေတာမျိုးမဟုတ်ဘဲ သီးခြားစီဖြစ်အောင် ပြန်ခွဲထုတ်ဖို့လည်း အကြံပြုထားပါတယ်။
ဒါ့အပြင် အာဆီယံအနေနဲ့ ဘုံသဘောတူညီချက်တွေကိုကျော်လွန်ပြီး လက်တွေ့ကျကျ စဉ်းစားသင့်သလို ရှင်းလင်းပြတ်သားတဲ့ အဆုံးသတ်အဆုံးအဖြတ်ပေးမဲ့ အရွေ့တခုကို ဦးတည်ပြီး အစားထိုးနိုင်မဲ့ လုပ်ငန်းမူဘောင် အသစ်တခုကို စတင်ရေးဆွဲထားဖို့လည်း အကြံပြုထားပါတယ်။
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ကတော့ အာဆီယံနဲ့ ဆက်ဆံရေးမှာ ခွဲခြားဆက်ဆံမှုတွေကို တုံ့ပြန်သွားမှာဖြစ်ပြီး မြန်မာ့ကိုယ်ပိုင် နည်းလမ်းနဲ့သာ အာဆီယံနဲ့ ဆက်ဆံရေးတိုးတက်အောင် လုပ်မယ်လို့ ဇူလိုင် ၃၁ ရက် စစ်အာဏာရှင်အစိုးရ သက်တမ်း ရက် ၁၀၀ ပြည့် မိန့်ခွန်းမှာ ပြောသွားပါတယ်။
စစ်အာဏာရှင်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အာဆီယံအတွင်း မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍကို ပိုအားကောင်းစေဖို့ အကောင်အထည်ဖော်နိုင်မဲ့ လက်တွေ့ကျတဲ့ မူဝါဒတွေချဖို့၊ မြန်မာ-အာဆီယံ ပုံမှန်ဆက်ဆံရေး တည်ဆောက်ရာမှာ ကြုံတွေ့ရမဲ့စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့လက်တွေ့ကျတဲ့နည်းလမ်း စတာတွေအတွက် ဆွေးနွေးပွဲတခုကို ဇူလိုင် ၃၁ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။










