DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်တက္ကသိုလ် ပါချုပ် အပါ ၅ ဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ကျပ် ၉ သိန်းစီ ချမှတ်
DVB
·
March 7, 2024
လွိုင်ကော်တက္ကသိုလ် ပါချုပ် အပါ ၅ ဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ကျပ် ၉ သိန်းစီ ချမှတ်
Donate to DVB

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ် အပါအဝင် ၅ ဦးကို ဒီးမော့ဆို ခရိုင်အဆင့် တရားရုံးက ထောင်ဒဏ် ၂ နှစ်နဲ့ ဒဏ်ငွေ ကျပ် ၉ သိန်းစီ ပြစ်ဒဏ် ချမှတ်ခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ဒီဗွီဘီကို ပြောပါတယ်။

ပါမောက္ခချုပ် အပါအဝင် ၅ ဦးကို မတရားအသင်း အက်ဥပဒေနဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်က ချမှတ်ခဲ့တာဖြစ်ပြီး ကရင်နီပြည်ရဲဌာနက တရားလိုလုပ် အမှုဖွင့်ထားခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို အရင်ဆုံး ဟိုယာမြို့နယ်တရားရုံးမှာ တရားစွဲတင်ခဲ့ပြီး ထောင်ဒဏ်နဲ့ ငွေဒဏ် ချမှတ်ခဲ့ကာ ထောင်ဒဏ်မကျချင်ရင် ဒဏ်ငွေပေးဆောင်နိုင်တယ်လို့ ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၅ ရက်က အမိန့်ချမှတ်မှုအပေါ် ကရင်နီပြည် ရဲဌာနက ပြင်ဆင်ချက် တင်ပြီးတဲ့နောက် ခရိုင်တရားရုံးက ‌အခုလို အမိန့်ချခဲ့တာလို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ဒီဗွီဘီကို ပြောပါတယ်။

“ခရိုင်အဆင့်တရားရုံးက ထောင်ဒဏ် ၂ နှစ်နဲ့ ဒဏ်ငွေ ကျပ် ၉ သိန်းစီ ၅ ဦးကို စီရင်ချက် ချလိုက်တယ်လို့ သိရတယ်။ အရင်တကြိမ် မြို့နယ်အဆင့်တရားရုံးမှာ တရားစီရင်ချက် ချတဲ့အခါ ဥပဒေကြောင်းအရ တရားစီရင်ရေးနည်းလမ်းအရ ကိုက်ညီမှု မရှိဘူးပေါ့။ ဥပမာ- ထောင်ဒဏ်မကျချင်ရင် ငွေဒဏ်ဆောင်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ စီရင်ချက်ချတဲ့အခါ ရှေ့နောက် ညီညွတ်မှုမရှိဘူးပေါ့။ ဒီအတွက်ကြောင့်မို့ ပြန်ပြီးတော့မှ ခရိုင်အဆင့်တက်ပြီး ပြန်စစ်ဆေးပြီးတော့မှ တရားစီရင်တဲ့ အနေအထားကို ပြန်လုပ်ခဲ့တယ်။”

အခုချိန်ထိ အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ကရင်နီပြည်နယ်က Non-CDM ဝန်ထမ်းတွေအနေနဲ့ အာဏာရှင်အားပေးတာ ဆက်မလုပ်ဖို့၊ ပြည်သူနဲ့ပူးပေါင်းဖို့လိုပြီး ထိုက်သင့်တဲ့ ခံဝန်ကတိတွေနဲ့ တချို့သော ပေးဆပ်ရမယ့် အနေအထား ရှိလိမ့်မယ်ဆိုတာ အသိပေးလိုတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ပြောပါတယ်။

“တရားမဝင် အာဏာသိမ်းစစ်တပ်က လူထုကို တောက်လျှောက် ဖိနှိပ်တာတွေ လုပ်ခဲ့တယ်။ အာဏာရှင်တွေ သက်ဆိုးရှည်အောင် ထောက်ပံ့နေတဲ့ဟာ မှန်သမျှက လူထုလိုချင်တာနဲ့ သွေဖည်နေတယ်။ ဒီအပေါ်မှာ လက်သင့်ခံဖို့ ခက်တယ်။ တဖက်မှာလည်း ပြည်သူနဲ့ ပြန်ပူးပေါင်းဖို့ လိုတယ်။ ပူးပေါင်းဖို့ဆိုတာကလည်း ဒီချိန်မှာတော့ CDM လုပ်ဖို့ဆိုတာကတော့ ဝန်ချ တောင်းပန်ပြီးတော့မှ ထိုက်သင့်တဲ့ တချို့သော အရေးယူမှုတွေ ဒါမှမဟုတ် ထိုက်သင့်တဲ့ action ယူမှုတွေပေါ် မူတည်ပြီး ပူးပေါင်းဖို့ လိုအပ်ပါတယ်ဆိုတာ သတင်းစကားပါးချင်တယ်။”

၂၀၂၃ နိုဝင်ဘာလမှာ လွိုင်ကော်တက္ကသိုလ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် Non-CDM ဝန်ထမ်းနဲ့ မိသားစုဝင် ၂၀၄ ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်မှု မရှိတဲ့ Non-CDM ဝန်ထမ်းနဲ့ မိသားစုဝင် ၁၉၃ ဦးကို ခံဝန်ကတိတွေ ထိုးခိုင်းပြီး နယ်နှင်ဒဏ်ပေးခဲ့တယ်လို့ IEC က ထုတ်ပြန်ထားခဲ့ပါတယ်။

သီဟ

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013