Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် မြင်းခွာရွက်ပင် ဆေးဖက်ဝင်
DVB
·
March 6, 2024

အာဏာရှင် ဖက်ဆစ်စစ်တပ်ရဲ့ တနေ့ထက်တနေ့ တိုးတိုးပြီး ရက်စက်ယုတ်မာမှုအောက် ဒူးမထောက် လက်မမြှောက် ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း တော်လှန်ရေးခရီးပြင်း နှင်ခဲ့ကြတဲ့ နွေဦးပြည်သူ တယောက်စီတိုင်းကို အသိအမှတ်ပြု ဦးညွှတ်အလေးပြုကြောင်း ဦးစွာ တင်ပြအပ်ပါတယ်။ ရင်ဘတ်ချင်းတူ နွေဦးပြည်သူတို့နဲ့ တသားတည်း လက်လှမ်းမီဆေးပညာက အနီးဆုံးမှာ လက်တွဲလျက်ရှိနေကြောင်းကိုလည်း သိစေအပ်ပါတယ်။

မိုးထဲ ရေထဲ ခရီးခက်ခဲမှာ လုံ့လ ဝီရိယ ဉာဏ်ပညာနဲ့ သတိရှိရှိ သတ္တိရှိရှိ နွေဦးပန်းတိုင်ဆီ ချီတက်နိုင်ဖို့ တော်လှန်သူအားလုံး ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ မှာချင်ပါတယ်။

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် မြင်းခွာရွက်ပင် ဆေးဖက်ဝင်အကြောင်းကို လက်လှမ်းမီဆေးပညာမှ တင်ပြသွားမှာ ဖြစ်ပါတယ်။

မြင်းခွာရွက်ကို သိပ္ပံလို Centella asiatica လို့ခေါ်ပြီး အင်္ဂလိပ်လို Indian pennywort, Asiatic pennywort, Gotu kola, Pegaga, Mandukaparni စသဖြင့် အမျိုးမျိုး ခေါ်ကြပါတယ်။

မြင်းခွာရွက်မှာ ဇီဝဓာတုဓာတ်ပေါင်းများ terpenes, phenolic, flavonoids, phenylpropanoids, tannins, alkaloids, carbohydrates ဓာတ်ပေါင်းများနဲ့ သတ္တုဓာတ်များ၊ ဗီတာမင်၊ အမိုင်နိုအက်စစ်များအပြင် aglycone asiatic acid, madecassoside, madasiatic acid, saponins, triterpenoids, brahmoside နဲ့ brahminoside တို့ ပါဝင်ပါတယ်။

မြင်းခွာရွက်မှာ တန်ဖိုးမြင့် ဆေးဖက်ဝင်အပင်ဖြစ်ပြီး အာရုံကြောကာကွယ်ပေးခြင်း၊ မှတ်ဉာဏ်ကို မြှင့်တင်ပေးခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ရောင်ရမ်းမှုကို တိုက်ဖျက်ခြင်း၊ ကင်ဆာရောဂါကို ဆန့်ကျင်ခြင်း၊ နှလုံးရောဂါကို ကာကွယ်ပေးခြင်းနဲ့ အနာကျက်ခြင်း၊ အနာကြီးရောဂါ၊ အရေပြားလေးဘက်နာကာကွယ်ခြင်း၊ သွေးကြောထုံးခြင်းကို ဟန့်တားခြင်း၊ အရေပြားကျန်းမာရေးကို မြှင့်တင်ပေးခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဟန့်တားခြင်း၊ အဖျားကျခြင်း၊ သွေးသန့်စင်ခြင်း၊ သွေးပြန်ကြော သွေးတိုးရောဂါ လျော့ပါးစေခြင်း၊ အမျိုးသမီးများ ဓမ္မတာမှန်စေခြင်း၊ အမျိုးသမီး မျိုးပွားခြင်းနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ကာကွယ်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုများကို လျော့ပါးစေခြင်း၊ သက်ကြီးပိုင်း မှတ်ဉာဏ်ချို့ယွင်းခြင်းကို ကာကွယ်ခြင်း စတဲ့အစွမ်းသတ္တိများ ရှိပါတယ်။

ဆေးဘက်ဆိုင်ရာမှာ မြင်းခွာရွက် ပဉ္စငါးပါးကို အသုံးပြုကြပါတယ်။

မြင်းခွာရွက်သတ္တုရည် ကော်ဖီ ၂ ဇွန်းခန့်ကို သကြား၊ ပျားရည်တို့နဲ့ ရောစပ်ပြီး ညစာစားပြီးနောက် ပုံမှန်သောက်ပေးခြင်းဖြင့် ကိုယ်ခံအားကို တိုးတက်စေပြီး ခွန်အားဖြစ်စေတဲ့အပြင် မှတ်ဉာဏ်ကို တိုးတက်စေပြီး သက်ကြီးပိုင်း မှတ်ဉာဏ်ချို့တဲ့ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

ကလေးများ အအေးမိ၊ ချောင်းဆိုး၊ ချွဲထရောဂါမှာ မြင်းခွာရွက်သတ္တုရည်ကို ပျားရည် ဆတူစပ်ပြီး တခါသောက် ကော်ဖီဇွန်း တဝက်မှ ၁ ဇွန်းခန့်ကို မိခင်နို့ရည်နဲ့ တနေ့ ၂-၃ ကြိမ် အရွယ်ကိုချင့်ချိန်ပြီး တိုက်ကျွေးနိုင်ပါတယ်။ မြင်းခွာရွက်သတ္တုရည်ကို အုန်းဆီ/နှမ်းဆီ အနည်းငယ်နဲ့ ရောစပ်ပြီး ရင်ဘတ်နဲ့ နောက်ကျောမှာ နွေးနွေးလေး လိမ်းပေးနိုင်ပါတယ်။

အရေပြားရောဂါများမှာ မြင်းခွာရွက် စားသောက်ပေးခြင်း၊ သတ္တုရည်ကို လိမ်းကျံခြင်း ပြုလုပ်ပေးနိုင်ပါတယ်။

ရုတ်တရက် ထိခိုက်ရှနာများ၊ ဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်းများမှာ မြင်းခွာရွက် သတ္တုရည်ကို လိမ်းကျံပေးနိုင်ပါတယ်။

အဆစ်အဆက် ရောင်တင်းခြင်းတို့အတွက် မြင်းခွာရွက်သတ္တုရည်ကို ရေနံဆီနဲ့ ဆတူစပ်ပြီး လိမ်းကျံ နှိပ်နယ်ပေးနိုင်ပါတယ်။

သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးကျင်၊ ဆီးနီ၊ ဆီးဝါခြင်းနဲ့ ဆီးသွေးပါခြင်းတို့အတွက် မြင်းခွာရွက် ဖျော်ရည်ဖြစ်စေ၊ ပြုတ်ရည်ဖြစ်စေ တခါသောက်  ၁ ဖန်ခွက် တနေ့ ၂-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

မြင်းခွာရွက်ခြောက်ရေနွေးကြမ်း ၁ ခွက်ကို တနေ့ ၂- ၃ ကြိမ် ပုံမှန် သောက်သုံးပေးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေပါတယ်။

ဆီးချိုရောဂါအတွက် မြင်းခွာရွက်ခြောက်မှုန့် တခါသောက် ကော်ဖီ ၁ ဇွန်းကို သွေးတွင်းသကြားဓာတ် အနိမ့်အမြင့်ပေါ် မူတည်ပြီး တနေ့ ၂-၄ ကြိမ်ထိ တောင်မရိုးခေါက် ပြုတ်ရည်နဲ့ ချင့်ချိန် သောက်သုံးနိုင်ပါတယ်။

မြင်းခွာရွက်ခြောက်မှုန့်ကို ဆီးသီး၊ ထန်းလျက်တို့နဲ့ ယိုပြုလုပ်ပြီး ညစဥ် ပုံမှန် စားသုံးပေးခြင်းဖြင့် အမျိုးသမီးများ ဓမ္မတာကို ပုံမှန်ဖြစ်စေခြင်း၊ သွေးသားကို သန့်စင်စေပြီး သွေးဆုံးဝေဒနာများကို လျော့ပါးစေခြင်းနဲ့ အိပ်ပျော်စားဝင် စိတ်ကြည်လင်ပြီး အသားအရေကို စိုပြည်ဝင်းပစေပါတယ်။

မျက်စိနာခြင်း၊ မျက်စိကျိန်းခြင်းတို့အတွက် မြင်းခွာရွက်အစိမ်းကို ထုထောင်းပြီး အဝတ်ပါးပါး သန့်သန့်နဲ့ ထုပ်ကာ မျက်စိပေါ်မှာ အုံပေးခြင်း၊ အရည်ညှစ်ပြီး မျက်စဥ်းခတ်ပေးခြင်း ပြုလုပ်ပေးနိုင်ပါတယ်။

မြင်းခွာရွက်ကို အရိပ်မှာ အခြောက်ခံ အမှုန့်ပြုလုပ်ပြီး ပျားရည်နဲ့ ဆတူစပ်ပြီး ညအိပ်ရာဝင်ချိန် ကော်ဖီ ၁ ဇွန်းခန့် စားပေးခြင်းဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတဲ့အပြင် ခေါင်းတခြမ်းကိုက်ခြင်းနဲ့ အာရုံကြော အားနည်းခြင်းတို့ကို သက်သာပျောက်ကင်းစေပါတယ်။

မြင်းခွာရွက်မှာ ထူးခြားတဲ့ ဘေးထွက်ဆိုးကျိုး မရှိပေမဲ့ အလွန်အကဲ စားသောက်မယ်ဆိုရင် ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ မူးဝေခြင်း၊ ဆီးအလွန်သွားခြင်းနဲ့ အလွန်အမင်း အိပ်ငိုက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ မြင်းခွာရွက်နဲ့ ဓာတ်မတည့်သူများ မြင်းခွာရွက်ထွက် ပစ္စည်းများကို ရှောင်ကြဥ်ပါ။ မြင်းခွာရွက်မှာ မျိုးပွားခြင်းကို ဆန့်ကျင်တဲ့ အာနိသင် ရှိတဲ့အတွက် သားသမီးရယူလိုသူ မိခင်လောင်းများနဲ့ ကိုယ်ဝန်ဆောင်များလည်း မြင်းခွာရွက်ကို ရှောင်ကြဥ်ပါ။

နွေဦးပြည်သူများ မြင်းခွာရွက်ရဲ့ ဆေးဘက်ဆိုင်ရာ ကျန်းမာရေးအကျိုးကျေးဇူးများကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြလိုက်ပါတယ်။

ခရီးဆုံးပန်းတိုင်မှာ အတူပြန်ဆုံကြပါစို့။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024