
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မင်းကုန်းရွာနဲ့ တဇယ်ချောင်ရွာကို စစ်ကောင်စီတပ်က မတ် ၅ ရက် ဒီနေ့ ညနေ ၄ နာရီလောက်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲချခဲ့တာကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ် ၁၄ လုံးထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးကြဲခံရတဲ့နေရာဟာ ကနီမြို့နဲ့ ၁ မိုင်ခန့်လောက်သာဝေးတဲ့ ကျေးရွာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကနီမြို့ကတော့ မတ်လ ၂ ရက်နေ့က တိုက်ပွဲဖြစ်ကြတာတော့ရှိတယ်။ ကျနော်တို့ ရွာတွေဘက်ကတော့ ဘာတိုက်ပွဲမှမရှိသလို၊ ဘယ် PDF မှ မရှိဘူး။ အဲလိုမရှိဘဲနဲ့ကို ဗုံးသီးချသွားတယ်။ ဗုံးသီးချတာ မင်းကုန်းရွာ ၂ လုံးချတယ်။ အဲဒီရွာက လူနေအိမ် ၇ လုံး ကျော် ပျက်စီး မီးလောင်တယ်။ မင်းကုန်းရွာက ဦးဉာဏ်ပွင့် အသက် ၇၀ နီးပါးကတော့ ဗုံးစထိမှန်ပြီး နေရာတင် သေဆုံးတယ်၊ ကျန်တာက ပြည်သူ ၄ ဦး ကတော့ ထိခိုက်ဒဏ်ရာရရှိတယ်။ နောက်ပြီး ကျနော်တို့ တဇယ်ချောင်ရွာကတော့ လူနေအိမ် ၇ လုံးကျော် မီးလာင်ပျက်စီးတယ်။ လူထိခိုက်တာတော့ မရှိဘူး” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။
ကနီကျောက်လုံးကြီးအဖွဲ့မှ ကိုပါးသိုင်းက "ဒါက ပြည်သူကို သက်သက်ကို ပစ်သွားတယ်။ ဒီရွာမှာ ကျနော်တို့ ကာကွယ်ရေးတပ်က လူတဦးတယောက်မှ မရှိဘဲကို ဗုံးသီး ၄ လုံး ကြဲချသွားတာ။ ပြည်သူတဦးလည်း သေတယ်၊ လူနေအိမ်တွေလည်း ပျက်စီးတယ်ဗျ။ ဒဏ်ရာရတဲ့ ၄ ဦးကတော့ ကျနော်တို့ ကယ်ဆယ်ရေးလုပ်ပြီး ဆေးကုပေးနေပါပြီဗျ။ ဗုံးကြဲလို့ လူတွေနဲ့ နေအိမ်အပြင် နွား ၅ ကောင်လည်း သေဆုံးခဲ့သေးတယ်” လို့ ပြောပါတယ်။











