DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ ကိုယ်စားလှယ်ကို ရုရှား-အာဆီယံ ညှိနှိုင်းရေးမှူးအဖြစ် ခန့်အပ်မှု အရပ်ဖက် အဖွဲ့အများ ကန့်ကွက်ရှုတ်ချ
DVB
·
March 5, 2024
စစ်ကောင်စီ ကိုယ်စားလှယ်ကို ရုရှား-အာဆီယံ ညှိနှိုင်းရေးမှူးအဖြစ် ခန့်အပ်မှု အရပ်ဖက် အဖွဲ့အများ ကန့်ကွက်ရှုတ်ချ
Donate to DVB

စစ်ကောင်စီကိုယ်စားလှယ်ကို ရုရှားအစိုးရနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ညှိနှိုင်းရေးမှူးအသစ် အဖြစ် အာဆီယံက ခန့်အပ်လိုက်တာဟာ ရာဇဝတ်မှုတွေကို အားပေးကူညီရာရောက်ပြီး  အာဆီယံအတွက်လည်း စိန်ခေါ်မှုကြီးမားတယ်လို့ အရပ်ဖက်အဖွဲ့တွေက  ပြောပါတယ်။

အာဆီယံရဲ့ လုပ်ဆောင်ချက်ဟာ စစ်အုပ်စုကို မြန်မာအစိုးရအဖြစ် အသိအမှတ်ပြုဆက်ဆံနေတာ ဖြစ်သလို၊ အကြီးဆုံးစစ်လက်နက်ထောက်ပံ့ရောင်းချနေတဲ့ ရုရှားအစိုးရနဲ့ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေဖို့ ကူညီပံ့ပိုးပေးရာရောက်တဲ့အတွက် အရပ်ဖက်အဖွဲ့တွေက ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

အခုလုပ်ရပ်ဟာ  မြန်မာပြည်သူတွေကို တိုက်ရိုက် ထိခိုက်စေမှာဖြစ်တယ်လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က  ပြောပါတယ်။

“အာဆီယံနဲ့ မြန်မာစစ်အုပ်စုတို့ရဲ့ လက်ရှိပတ်သက်နေမှုအပေါ် ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ပိုမိုဆိုးဝါးစေလာနိုင်ပြီး နွေဦးတော်လှန်ရေးအား ထိခိုက်စေနိုင်မှုတွေကို ကျွန်မတို့ အလွန် စိုးရိမ်မိပါတယ်။ အာဆီယံရဲ့ အပြုအမူတွေဟာ မြန်မာပြည်သူအတွေအတွက် အသုံးမဝင် အကျိုးမရှိ စေယုံမျှဘဲ မဟုတ်တော့ပါဘူး။ အကြမ်းဖက်မြန်မာစစ်အုပ်စုတွေကို မြန်မာနိုင်ငံကိုယ်စားအနေနဲ့ ဆက်ဆံဖိတ်ခေါ် နေတာတွေ၊ လေ့ကျင့်သင်ကြားပေးတာတွေနဲ့ နိုင်ငံရေး၊ စစ်ရေးအရ ကူညီပံ့ပိုးပေးနေခြင်းတွေ ဆက်လက် လုပ်ဆောင်နေခြင်းဟာ စစ်အုပ်စုရဲ့ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေကို ထပ်လောင်း ကူညီပေးနေ ခြင်းဖြစ်ပြီး မြန်မာပြည် သူလူထုအတွက် ပိုမိုဆိုးရွားစွာ တိုက်ရိုက်ထိခိုက်စေပါတယ်။”

၂၀၂၃ ခုနှစ်အတွင်း ဥရောပသမဂ္ဂ (အီးယူ)က  စစ်ကောင်စီကို အသိအမှတ်မပြုတဲ့အနေနဲ့ အာဆီယံဆက်ဆံရေးဆိုင်ရာ ညှိနှိုင်းရေးမှူး တာဝန်ကို စစ်ကောင်စီဘက်ကရယူတာကို ငြင်းပယ်ခဲ့ပါတယ်။

အာဆီယံကတော့ စစ်ကောင်စီကို ညှိနှိုင်းရေးမှူးတာဝန် ရပ်စဲရမယ့်အစား ဘရူနိုင်းနိုင်ငံနဲ့ လဲလှယ်တာဝန်ပေးခဲ့ပြီး၊ ၂၀၂၄ ကနေ ၂၀၂၇ ထိ ရုရှားနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူးအဖြစ် ခန့်အပ်ခဲ့ပါတယ်။

အာဆီယံအနေနဲ့ စစ်အုပ်စုကို တရားဝင်မှုပေးအပ်နေတာတွေကို ချက်ချင်းရပ်တန့်ပေးဖို့နဲ့ အာဆီယံအစည်းအဝေးတွေနဲ့ လှုပ်ရှားမှုအားလုံးကနေ ပိတ်ပင်ဖယ်ရှားဖို့ တောင်းဆိုမှုမှာ ပါဝင်တဲ့ Progressive Voice ကလည်း အခုလို ခန့်အပ်မှုကြောင့် အာဆီယံရဲ့ ဂုဏ်သိက္ခာနဲ့ လုံခြုံရေးကို ထိခိုက်စေမှာဖြစ်တယ်လို့ ပြောပါတယ်။

Progressive Voice  မခင်ဥမ္မာက “မြန်မာစစ်အုပ်စုနဲ့ ရုရှား ဒီနှစ်ခုစလုံးသည် နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းတွေဖြစ်တယ်။ အာဆီယံက ဒီလိုသွားပေးလိုက်တာက တစ် အာဆီယံရဲ့ နိုင်ငံရေးဂုဏ်သိက္ခာလည်း ထိခိုက်တယ်။ အာဆီယံရဲ့ ဒိုင်ယာလော့ပါတနာတွေ နိုင်ငံရေးအရ စီးပွားရေးအရ ပူးပေါင်းလုပ်ဆောင်မယ့် တခြားသော ဒီမိုကရေစီနိုင်ငံတွေနဲ့ ဆက်ဆံရေး တွေမှာလည်း ထိခိုက်တဲ့အပြင် လုံခြုံရေးတွေမှာလည်း ထိပါးတယ်အာဆီယံအတွက်လည်း အရမ်း စိန်ခေါ်ချက်ကြီးတယ်။ တိုက်တွန်းပြီးလုပ်ရမှာရှိတယ်။ ကျမတို့ မြန်မာနိုင်ငံက အဖွဲ့တွေနဲ့တင် မလုံလောက်ဘူး တခြားအာဆီယံရဲ့  ဒီမိုကရေစီမိတ်ဖက်တွေမှာ ရှိနေတဲ့ သူတွေကိုလည်း ပူးပေါင်း လုပ်ဆောင်မှုတွေ အများကြီး လုပ်ရမယ်”လို့ ပြောပါတယ်။

အခုလို ခန့်အပ်တာကြောင့် မြန်မာစစ်အုပ်စုအပေါ် ချမှတ်ထားတဲ့ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ကုန်တင်ပို့မှု ကန့်သတ်ချက်တွေကို ထိခိုက်ပျက်ပြားစေမှာလည်း ဖြစ်ပါတယ်။

အာဆီယံညှိနှိုင်းရေးမှူးတွေက အာဆီယံနဲ့ ဆွေးနွေးဘက်နိုင်ငံတွေရဲ့ ဆက်ဆံရေးကို စီမံခန့်ခွဲရာမှာ တာဝန်ရှိသူတွေဖြစ်ပြီး ပူးတွဲဥက္ကဋ္ဌ အဖြစ် ဆက်ဆံရေးဆိုင်ရာတွေ တိုးမြှင့်ဆောင်ရွက်တာ ညှိနှိုင်းဆွေးနွေးမှုတွေမှာ အာဆီယံကို ကိုယ်စားပြုဆွေးနွေးတာနဲ့ နိုင်ငံတကာမှာ အာဆီယံ အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို မြှင့်တင်တာတွေကို လုပ်ဆောင်ပေးရတာလည်း ဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013