Home
နိုင်ငံတကာ
ဗီယက်နမ်တွင် ဒေါ်လာ ၁၂ ဘီလီယံ လိမ်လည်မှုဖြင့် လူ ၉၀ ကျော်ကို ရုံးတင်စစ်ဆေး
DVB
·
March 5, 2024

ဗီယက်နမ်နိုင်ငံရဲ့ အကြီးဆုံး ဒေါ်လာဘီလီယံပေါင်းများစွာ ငွေကြေးလိမ်လည်မှုအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ရုံးတင်စစ်ဆေးမှုကို မတ် ၅ ရက်မှာ စတင်ခဲ့ပါတယ်။

ဒေါ်လာ ၁၂ ဘီလီယံ လိမ်လည်မှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံထားရသူ အယောက် ၉၀ နီးပါး ရှိပြီး သူတို့ထဲက တချို့က သေဒဏ်ကျခံရဖို့ အန္တရာယ်လည်း ရှိပါတယ်။

နိုင်ငံတွင်း အဂတိလိုက်စားမှုဆန့်ကျင်ရေး လှုပ်ရှားမှုရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ဒီတရားခွင်ဟာ ဟိုချီမင်းမြို့ ပြည်သူ့တရားရုံးမှာ ဧပြီလကုန်အထိ ကြာမြင့်မယ်လို့ ခန့်မှန်းထားပါတယ်။

အာဏာရ ကွန်မြူနစ်ပါတီခေါင်းဆောင် ငွင်ဖူကျုံးဟာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို လုပ်ဆောင်ဖို့ နှစ်ပေါင်းများစွာ ကတိကဝတ်ပြုထားပေမဲ့ အခုထိ မြင်သာထင်သာရလဒ် မရှိသေးပါဘူး။

အဂတိလိုက်စားမှုဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် မကြာသေးမီလတွေအတွင်း နာမည်ကျော်ပုဂ္ဂိုလ် အများအပြား ဖမ်းဆီးခံခဲ့ရပြီး မနှစ်တုန်းက ဗီယက်နမ်နိုင်ငံရဲ့ သမ္မတဟောင်း အပါအဝင် ထိပ်တန်းပုဂ္ဂိုလ်တွေ နုတ်ထွက်တာတွေလည်း ရှိခဲ့တာပါ။

ဒါပေမဲ့ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ ဗန်သင်ဖန့် ဦးပိုင်အုပ်စုရဲ့ အမျိုးသမီးဥက္ကဋ္ဌ ကျုံးမီလန်း အတွက် ရုံးတင်စစ်ဆေးမှုတွေဟာ မကြုံစဘူး ထောင်နဲ့ချီတဲ့ ဆင့်ခေါ်ခံရမှုတွေ ရှိနိုင်ပြီးတော့ တရားရေးကိစ္စတွေကို ဆောင်ရွက်ဖို့ ရှေ့နေ အယောက် ၂၀၀ လောက် ပါဝင်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြထားပါတယ်။

အိမ်ခြံမြေသူဌေးကြီး ကျုံးမီလန်းနဲ့ သူ့ပေါင်းအပါတွေဟာ နိုင်ငံရဲ့ အကြီးဆုံးဘဏ်ဖြစ်တဲ့ ဆိုင်ဂုံ အစုရှယ်ယာ ကူးသန်းရောင်းဝယ်ရေးဘဏ် (SCB) ကနေ ပိုင်ဆိုင်မှုအားဖြင့် ဒေါင်ငွေ ၃၀၄ ထရီလီယံ (ဒေါ်လာ ၁၂ ဒသမ ၄၆ ဘီလီယံ) ကို ခိုးယူခဲ့တယ်လို့ စွပ်စွဲခံထားရပြီး ဒီဖြစ်စဉ်မှာ ကျုံးမီလန်းဟာ ဒါဇင်ပေါင်းများစွာသော proxy တွေကနေတဆင့် ထိထိရောက်ရောက် ထိန်းချုပ်ထားကြောင်း စုံစမ်းစစ်ဆေးသူတွေဆီကနေ သိရပါတယ်။ ကျုံးမီလန်ရဲ့ ရှေ့နေတဦးကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

ဒါကို သက်သေပြနိုင်ရင် ဒီအမှုဟာ အာရှမှာ အကြီးဆုံးသော ငွေကြေးလိမ်လည်မှုတခု ဖြစ်လာနိုင်ပါတယ်။

တရားခွင်စတင်ချိန်မှာ ရဲအရာရှိ ဒါဇင်များစွာ ဝန်းရံထားတဲ့ ကျုံးမီလန်းနဲ့ တခြားတရားခံတွေရဲ့ ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို နိုင်ငံပိုင်မီဒီယာမှာ ထင်ထင်ရှားရှား ပြသခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024