DVB Logo
Home
မြန်မာသတင်း
KIA ပူးပေါင်းတပ် သိမ်းပိုက်ခဲ့သည့် မဂျီဂုန်စစ်စခန်းမှ လက်နက်ခဲယမ်း အများအပြားရရှိ
DVB
·
March 5, 2024
KIA ပူးပေါင်းတပ် သိမ်းပိုက်ခဲ့သည့် မဂျီဂုန်စစ်စခန်းမှ လက်နက်ခဲယမ်း အများအပြားရရှိ
Donate to DVB

ကချင်ပြည်နယ်၊ မံစီမြို့နယ် မံစီ-ကိုက်ထိပ် လမ်းကြောပေါ်က မဂျီဂုန်ဗျူဟာကုန်းစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက မတ် ၃ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဟောင်ဝစ်ဇာ အမြောက် ၂ လက် အပါအဝင် လက် နက်အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ဗန်းမော်ခရိုင် KPDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“စခန်းကြီးဆိုတော့ သိမ်းရတာတွေလည်း များတယ်၊ အသေးကနေ အကြီးအထိရတယ်။ လက်နက်ကြီး နှစ်ခု ရတယ်၊ စိန်ပြောင်းတွေကော အစုံ၊ တော်တော်များများရတယ်။ သေနတ်တွေကော များတယ်၊ ကားတွေနဲ့ သယ်ရတယ်။ အဲဒါက လက်နက်ကြီးတွေကော ထိုင်ထားတဲ့ ဗျူဟာကုန်းဆိုတော့။”

စခန်းသိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ လက်နက်တိုက်ကို လေကြောင်းနဲ့ လာရောက်ပစ်ခတ်ခဲ့ပေမဲ့ ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကို တနေ့လုံး တိုက်လေယာဉ်နှစ်စီးနဲ့ ၈ ကြိမ် အပြင်းအထန် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စခန်းသိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီတပ်သားတွေ ထွက်ပြေးလွတ်မြောက်သွားကာ သုံ့ပန်းနဲ့ သေဆုံးအလောင်းတွေ ရရှိတာတော့ မရှိဘူးလို့ ဗန်းမော်ခရိုင်က KPDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“အလောင်းတွေ၊ သုံ့ပန်းတွေ ရရှိတာတော့ မရှိဘူး။ လွတ်မြောက်သွားတဲ့သဘောမှာ ရှိတယ်။ ထွက်ပြေးသွားကြတယ်။ သေဆုံးတာတွေတော့ များမှာ၊ သေနတ်တွေ အများကြီးရတယ်ဆိုတော့။”

မဂျီဂုန်ဗျူဟာကုန်းကို သုံးရက်တိုင် တိုက်ခိုက်ခဲ့ရပြီး စခန်းသိမ်းတိုက်ပွဲ မပြုလုပ်မီ ၁ လဝန်းကျင် ပိတ်ဆို့ ဖြတ်တောက်ရေးတွေ‌ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မဂျီဂုန်တပ်စခန်းမှာ စခန်းကုန်း သုံးခုရှိပြီး စတင်တိုက်ခိုက်တဲ့နေ့မှာ စခန်းကုန်းတခု ရရှိတဲ့ အခြေအနေ ရှိခဲ့ပေမဲ့ စစ်ဗျူဟာအရ ပြန်လည်နောက်ဆုတ်ခဲ့ရကြောင်း၊ မတ် ၃ ရက်နေ့မှာတော့ တပြိုင်တည်း တပ်စခန်းကုန်း ၃ ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

သိမ်းပိုက်ရရှိတဲ့ တပ်စခန်းမှာ မံဝိန်းကြီး၊ ဘလောင်ဒိန်ဆာ တပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ချိန်က ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေလည်း မဂျီဂုန်ဗျူဟာကုန်းမှာ လာစုနေတာကြောင့် စစ်ကောင်စီဘက်က အင်အားအများအပြား ထိုင်ထားတဲ့ တပ်စခန်း ဖြစ်တယ်လို့ သိရပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော်က ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် နယ်စပ်တလျှောက်က စစ်ကောင်စီတပ်စခန်းအကြီး ၇ ခုကို နှစ်လအတွင်း တိုက်ခိုက်သိမ်းပိုက် ရရှိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013