DVB Logo
Home
Lead Story
ဥပဒေဟူသည် မှန်ကန်သော ဆင်ခြင်တုံတရား ဖြစ်၏
DVB
·
March 4, 2024
ဥပဒေဟူသည် မှန်ကန်သော ဆင်ခြင်တုံတရား ဖြစ်၏
Donate to DVB

ဘီစီလေးရာစုတွင် တွေးခေါ်ပညာရှင် အရစ္စတိုတယ်က သဘာဝဥပဒေနှင့် လူလုပ်ဥပဒေတို့ကို ခွဲခြားပြခဲ့သည်။ သဘာဝဥပဒေသည် အမြဲထာဝရတည်ရှိပြီး မည်သည့်အခါမျှ မပြောင်းလဲ။ လူလုပ်ဥပဒေ ဆိုသည်မှာ ကာလ၊ ဒေသ၊ ပယောဂအပေါ် မူတည်ပြီး‌ ပြောင်းလဲသည်။ ထို့အတွက် ဥပဒေတရပ် တရားမျှတဖို့ဆိုလျှင် သဘာဝဥပဒေနှင့် ကိုက်ညီဖို့လိုသည်ဟု ဆို၏။

သူက Antigone ဆိုသည့် ဂရိဒဏ္ဍာရီတစ်ခုကို မကြာခဏ ကိုးကားလေ့ရှိသည်။ Antigone ဆိုသည်မှာ ဘီစီငါးရာစုက ပြဇာတ်ဆရာ ဆိုဖိုဆီးလ် ရေးခဲ့သည့် အလွမ်းပြဇာတ်တခု ဖြစ်သည်။ ထိုပြဇာတ်တွင် ဥပဒေနှစ်မျိုး၏ ပဋိပက္ခကို တွေ့မြင်နိုင်သည်။ Antigone သည် ဘုရင့်အမိန့်ကို ချိုးဖောက်ပြီး သူမအစ်ကိုဖြစ်သူ၏ စျာပနကို ကျင်းပခဲ့သည်။ ထို့အတွက် တရားစွဲဆိုခံရသည်။ ဤကိစ္စနှင့်ပတ်သက်၍ ဘုရင့်ကို အယူခံရာတွင် သူမ၏လုပ်ရပ်သည် လူလုပ်ဥပဒေကို ချိုးဖောက်လျှင်တောင် သဘာဝဥပဒေနှင့် ကိုက်ညီကြောင်း၊ သဘာဝဥပဒေသည် ယနေ့ (သို့မဟုတ်) မနက်ဖြန်အထိသာ သက်ဆိုင်သည်မဟုတ်ဘဲ ထာဝရ တည်မြဲမှန်ကန်ကြောင်း၊ ထိုသို့‌သော သဘာဝဥပ‌ဒေ မည်သည့်အချိန်က ပေါ်ပေါက်ခဲ့သည်ကို ဘယ်သူမှမသိကြောင်း စသဖြင့် လျှောက်ထားခဲ့ပေသည်။

သို့စေကာမူ အရစ္စတိုတယ်သည် သဘာဝဥပဒေနှင့် ယဥ်ကျေးမှုဆိုင်ရာ စွဲလမ်းယုံကြည်မှုများကို မည်သို့မည်ပုံ ခွဲခြားရမည်ကိုမူ ရှင်းလင်းခဲ့ခြင်းမရှိခဲ့။ သဘာဝဥပဒေနှင့် ပတ်သက်ပြီး အလောင်းမြှုပ်နှံပိုင်ခွင့်ကို နမူနာအဖြစ် ပေးခဲ့သော်လည်း ထိုနမူနာသည် တလောကလုံးအရ မှန်ကန်သည်ဟု မဆိုနိုင်ပေ။ အကြောင်းမူ တချို့သော လူ့အဖွဲ့အစည်းများတွင် လူသေကောင်ကို မမြှုပ်။ လင်းတ၊ ကျီးကန်း ထိုးပြီး အရိုးကျန်သည်အထိ စားရအောင် ပစ်ထားလေ့ရှိသည်။ သို့တိုင် အရစ္စတိုတယ်သည် နှောင်းပိုင်းတွေးခေါ်ရှင်များအား သဘာဝဥပဒေနှင့် ပတ်သက်ပြီး ဆက်လက်တွေးကြံကြစေရန် အခြေခံအုတ်မြစ် ချပေးခဲ့သည်ဟု ဆိုရပေမည်။

သဘာဝနှင့် လိုက်ဖက်ညီမှု

ဘီစီသုံးရာစုတွင် စတိုးအစ်ဝါဒ တည်ထောင်သူ ဂရိအတွေးအခေါ်ရှင် ဇီနိုသည် ကြီးမြတ်သော ဆင်ခြင်တုံတရားနှင့်အတူ သဘာဝဥပဒေအကြောင်း ဖော်ထုတ်ခဲ့သည်။ သူက သဘာဝဥပဒေသည် စကြဝဠာအတွင်း ရည်ရွယ်ချက်ရှိရှိ ပျံ့နှံ့စိမ့်ဝင်နေသော ဆင်ခြင်တုံတရားတခု ဖြစ်သည်။ စကြာဝဠာ၏ အစိတ်အပိုင်းတခုဖြစ်သည့် လူသားသည်လည်း ထိုကြီးမြတ်သော ဆင်ခြင်တုံတရားရှိသည်ဟု ရှုမြင်သည်။ စိတ်ခံစားချက်ထက် ဆင်ခြင်တုံတရားနောက်ကိုသာ လိုက်မည်ဆိုလျှင် လူတိုင်းသည် သဘာဝဥပဒေနှင့်အညီ နေထိုင်နိုင်သည်ဟု သူကဆိုသည်။

လူသားတိုင်း၌ ကြီးမြတ်သော ဆင်ခြင်တုံတရား၊ သဘာဝဥပဒေတို့ ရှိသည့်အတွက် လူ့လောက ဆိုသည်မှာလည်း လူတိုင်း တန်းတူညီမျှရှိသည့် လူ့အဖွဲ့အစည်းတခု ဖြစ်သည်ဟု စတိုးအစ်ဝါဒီတို့ကို ယုံကြည်ကြသည်။ သူတို့အမြင်အရ လူ့အဖွဲ့အစည်း ဆိုသည်မှာ လူ့အဖွဲ့အစည်းဝင်တိုင်း သဟဇာတရှိရှိ နေထိုင်ပြီး ကြီးမြတ်သည့် ဆင်ခြင်တုံတရားကို လိုက်နာကြသူတို့၏ ကမ္ဘာကြီးတခုလည်း ဖြစ်သည်။

ကြီးမြတ်သည့်ဆင်ခြင်တုံတရား

ရောမနိုင်ငံသား စီစရိုသည် စတိုးအစ်ဝါဒအပေါ် လေးလေးနက်နက် လက်ခံခဲ့သည်။ “De Republica” ဆိုသည့် သူ၏စာအုပ်တွင် စီစရိုက “စစ်မှန်သောဥပဒေသည် သဘာဝတရားနှင့် ကိုက်ညီသော ဆင်ခြင်တုံတရားတခု ဖြစ်၏။ ထာဝရပြောင်းလဲခြင်းမရှိသော ဥပဒေတခုလည်း ဖြစ်၏။ ဘုရားသခင်ကိုယ်တိုင် ရေးသားပြဋ္ဌာန်းကာ စီရင်ဆုံးဖြတ်သည့်အတွက် လိုက်နာကြရ‌ပေမည်” ဟု ရေးသားထားသည်။ စီစရိုသည် ဘုရားသခင်ကို ကြီးမြတ်သည့် ဆင်ခြင်တုံတရားအဖြစ် ယူဆခဲ့သည်။ ဤအယူအဆကို နောင်အခါတွင် ခရစ်ယာန် တွေးခေါ်ရှင်များဖြစ်သော အီတလီဘုန်းတော်ကြီး ဂရာရှန်နှင့် ရှင်အကွိုင်းနာစ် အထိ ဆက်ခံခဲ့ကြသည်။ သူတို့က စီစရို၏ တလောကလုံးဆိုင်ရာ ဥပဒေပြုသူနှင့် တရားသူကြီး ဆိုသည့် ဖော်ပြချက်ကို ခရစ်ယာန်ဘုရားသခင်အဖြစ် သုံးစွဲခဲ့ကြသည်။

သပြေညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013