DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတဖြစ်ရေးကို ရှေးရှုပြီး ပူးပေါင်းကြရန် အေအေ တိုက်တွန်း
DVB
·
March 3, 2024
ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတဖြစ်ရေးကို ရှေးရှုပြီး ပူးပေါင်းကြရန် အေအေ တိုက်တွန်း
Donate to DVB

ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ မွတ်ဆလင်လူမျိုးတွေအပေါ် စစ်ကောင်စီကနေ စစ်မှုထမ်းခိုင်းနေတာနဲ့ ပတ်သက်ပြီး စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကန့်ကွက်ကြဖို့နဲ့ ပြည်နယ်အတွင်း နေထိုင်တဲ့ လူမျိုးအချင်းချင်း လူမှုသဟဇာတဖြစ်ပေါ်ရေးကိုသာ ရှေးရှုပြီးတော့ ပူးပေါင်းဆောင်ရွက်ကြဖို့ ရက္ခိုင့်တပ်တော်(အေအေ) မတ် ၂ ရက်နေ့မှာ အသိပေး တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်နယ်တဝန်းလုံးမှာ စစ်ရေးအရ အရှုံးနဲ့ရင်ဆိုင်နေရတဲ့အပြင် လူအင်အား ဖြည့်တင်းဖို့အတွက် စစ်မှုထမ်းဥပဒေကို အသုံးချပြီးတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်ဆလင်လူမျိုးတွေကို စစ်သင်တန်းပေးပြီးကာ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ ဖြစ်ပေါ်အောင် ဖန်တီးနေတာကို တွေ့ရှိရတယ်လို့ ရက္ခိုင့်တပ်တော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြဋ္ဌာန်းခဲ့သော စစ်မှုထမ်းဥပဒေကို ဗန်းပြလျက် မိမိတို့ အာရက္ခဒေသရှိ မွတ်ဆလင်အသိုင်းအဝိုင်းများအား နည်းလမ်းပေါင်းစုံသုံးကာ အတင်းအဓမ္မ စစ်မှုထမ်းစေရန် ကြိုးစားအားထုတ်ခြင်းမှာ အသိသာဆုံးသာဓက ဖြစ်သည်။ အကြမ်းဖက် စစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်းများ ကြုံရတိုင်း အာရက္ခဒေသရှိ ရခိုင်၊ မွတ်ဆလင်အသိုင်းအဝိုင်းတို့ကြား လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ပဋိပက္ခဖြစ်ပွားစေရန် ကြိုးပမ်းလေ့ရှိသည်။ ထို့အတူ ယခုတကြိမ်တွင်လည်း ယခင်နည်းလမ်းများအတိုင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေရန် လူမျိုအသိုင်းအဝိုင်း နှစ်ခုကြား ရန်တိုက်ပေးလျက်ရှိသည်။”

ရခိုင်ပြည်နယ်တဝန်းလုံးမှာ လူမျိုးရေး၊ ဘာသာရေး သဟဇာတဖြစ်ပေါ်စေရေးအတွက် ရက္ခိုင့်တပ်တော်က လုပ်ဆောင်နေတဲ့အပြင် စစ်ကောင်စီရဲ့ အခုလို လူမျိုးရေးပဋိပက္ခဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုတွေဟာ ရခိုင်ပြည်နယ်အတွင်းမှာ နေထိုင်တဲ့ လူမျိူးမတူ၊ ဘာသာမတူတဲ့ လူမျိုးစုတွေကြား ယုံကြည်မှုပျက်ပြားစေကာ၊ ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်နိုင်ရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတရပ်ကို ဖြစ်ပေါ်စေတယ်လို့ အေအေက ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ခုတုံးလုပ်ပြီးတော့ ရခိုင်ပြည်အတွင်းမှာ နေထိုင်တဲ့ မွတ်ဆလင်အသိုက်အဝန်းပေါ် စစ်မှုထမ်းဖို့အတွက် အတင်းအကျပ် ဖိအားပေးပြီးလုပ်နေခြင်းဟာ မတည်ငြိမ်မှုများကို ပိုတိုးစေပြီးတော့၊ ဒေသခံတွေကို သေတွင်းထဲသို့ တွန်းပို့နေခြင်းဖြစ်တဲ့အပြင် ရခိုင်ပြည်တွင်းနေထိုင်တဲ့ လူမျိုးတွေအကြား ကြီးမားတဲ့ ပဋိပက္ခတွေဖြစ်ပေါ်စေကာ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး မျှော်လင့်ချက်ကို ပိုကြာစေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

“မတူညီတဲ့ ယဥ်ကျေးမှု၊ လူမျိုးရေး၊ ဘာသာရေးနောက်ခံရှိတဲ့ လူမျိုးတွေကြားမှာ ယုံကြည်မှု တည်ဆောက်နိုင်ရေးဟာ အလွန်အရေးကြီးတယ်။ ဒီလို ယုံကြည်မှုတည်ဆောက်နိုင်ရေးဟာ နှစ်အနည်းငယ်နဲ့တော့ တည်ဆောက်လို့ မရနိုင်ဘူး။ စစ်ကောင်စီဘက်က မတူညီတဲ့ လူမျိုးစုတွေကြား လက်နက်တပ်ဆင်ပေးတာ၊ စစ်သင်တန်းပေးတာတွေက အိမ်ကြက်အချင်းချင်း ခွပ်ခိုင်းနေတာနဲ့ အတူတူပဲ။ ဒီလို ပဋိပက္ခတွေဖြစ်ပေါ်လာရင် တော်လှန်ရေးနဲ့အတူ ယှဥ်တွဲနေထိုင်နိုင်ရေးကို ထိခိုက်ပြီးတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို ပိုအောင်မြင်စေတယ်။ ဒီလိုဖြစ်အောင်လည်း စစ်ကောင်စီဘက်ကနေ လုပ်နေတာရှိတယ်။ ဒါတွေကို ရခိုင်ပြည်တွင်းက လူမျိုးတိုင်း သတိထားပြီး ဆင်ခြင်သုံးသပ်နိုင်ရမယ်” လို့ ရခိုင်ပြည်တွင်းမှာ လူမျိုးရေး၊ ဘာသာရေးနှင့် လူမှုသဟဇာတဖြစ်ရေးအတွက် လုပ်ဆောင်နေတဲ့ တက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ မတူကွဲပြားတဲ့ ယဥ်ကျေးမှု၊ ဘာသာရေး၊ သမိုင်းကြောင်းနောက်ခံ ရှိကြတဲ့ ရခိုင်၊ မွတ်ဆလင်၊ မြို၊ ခမီ၊ သက်၊ ဒိုင်းနက်၊ ဟိန္ဒိူ၊ မရမာလူမျိုးစုတွေ အတူယှဥ်တွဲနေထိုင်ကြပြီးတော့ စစ်တပ်နဲ့အတူ မဘသရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ၂၀၁၂ ခုနှစ်မှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတခုဖြစ်ပေါ်ခဲ့သလို ၂၀၁၇ ခုနှစ်မှာလည်း စစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေကြောင့် ရခိုင်ဒေသတွင်း အတူယှဥ်တွဲ နေထိုင်ကြတဲ့ လူမျိုးတွေကြားမှာ ယုံကြည်မှုပျက်ပြားမှုတွေရှိတယ်လို့ ဒေသတွင်း နေထိုင်သူတွေက ဆိုပါတယ်။

ရက္ခိုင့်တပ်တော်ရဲ့ အခုထုတ်ပြန်ချက်ဟာ ကောင်းမွန်တဲ့ နိုင်ငံတည်ဆောက်ရေးမှာ အရေးကြီးတဲ့ အကြောင်းအရာတခု ဖြစ်ပြီးတော့၊ ရခိုင်ဒေသတွင်း ရေရှည်ဖွံ့ဖြိုးပြီး လူမှုသဟဇာတဖြစ်တဲ့ အသိုက်အဝန်းတည်ဆောက်ရာမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေမရှိပဲ ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်နိုင်ရေးကို လုပ်ဆောင်ခြင်းကသာ ရခိုင်ပြည် ပြန်လည်တည်ဆောက်ရေးမှာ အရေးကြီးတယ်လို့  ရခိုင်ပြည်နေပြည်သူများက သုံးသပ်ပြောဆိုကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013