DVB Logo
Home
မြန်မာသတင်း
ပုလဲမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံး တိုက်ခိုက်ခံရ၊ ဖားကန့်မြို့နယ် တာမခန်ရွာကို စစ်တပ် မီးရှို့
DVB
·
March 3, 2024
ပုလဲမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံး တိုက်ခိုက်ခံရ၊ ဖားကန့်မြို့နယ် တာမခန်ရွာကို စစ်တပ် မီးရှို့
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်ရှိ ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကို မတ် ၂ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားအချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကောင်စီအင်အား ၁၀၀ ခန့်ရှိတဲ့ ပုလဲမြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကို မတ် ၂ ရက် ည ၁၁ နာရီခွဲ လောက်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေက ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရဲစခန်းနဲ့ ထွေအုပ်ရုံးထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားတချို့ ဒဏ်ရာရရှိခဲ့ပါတယ်။

Chindwin Toe Nayar PDF အဖွဲ့ တာဝန်ရှိသူတဦးက “တော်လှန်ရေးမိတ်ဖက်ညီအကိုတွေနဲ့ ပုလဲရဲစခန်းနဲ့ ထွေအုပ်ရုံးကို ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ လတ်တလော သိထားရတာကတော့ စစ်ကောင်စီ တပ်သား ၃ ဦး ဒဏ်ရာရတာပဲ သိသေးတယ်။ သေဆုံးမှုအခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးဘဲ ဆက်လက်စုံစမ်းစစ်ဆေးနေတုန်းပါပဲ။ သူတို့ဘက်ကဲ ပြန်ပစ်ခတ်မှုတွေ လုပ်ခဲ့ပါတယ်။ တိုက်ပွဲက ၁ နာရီကျော်ကြာပါတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို Chindwin Toe Nayar PDF ၊ ယင်းမာပင်တပ်ရင်း ၂၉ ၊ ယင်းမာပင်တပ်ရင်း ၂၉ ခွဲ ၂၊ ယင်းမာပင်ခရိုင်အမှတ် ၁၀ ဒေါင်းနက်၊ ပုလဲဂျော်ကာ၊ တာဇံအဖွဲ့နဲ့ ကျားကြီးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

စစ်ကောင်စီ အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် Chindwin Toe Nayar အဖွဲ့က ပြုလုပ်တဲ့ တော်လှန်အိမ်ဝန်းမောင်ပြန်ကမ်ပိန်းကိုလည်း ကူညီပေးကြဖို့ Chindwin Toe Nayar PDF အဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်က ပုလဲမြို့ထွေအုပ်ရုံးနဲ့ မြို့မရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့သေးပြီး စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု တာမခန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မတ် ၃ ရက် ဒီနေ့မနက်ပိုင်းမှာ စတင် မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ တာမခန်ကျေးရွာကို စစ်ကောင်စီတပ် အင်အား ၈၀ ထက်မနည်းက စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“မနက် ၈ နာရီလောက်က စစ်တပ် စစ်ကြောင်းထိုးလာတာ အင်အား ၈၀ ကျော် ၁၀၀ လောက် ပါတယ်။ အမှတ် ၃ ရပ်ကွက်ကစပြီး မီးရှို့နေတာ။ တိုက်ပွဲကလည်း ဖြစ်တယ်၊ ရွာကိုလည်း မီးရှို့နေတယ်။ ရွာက လူတွေကတော့ တိုက်ပွဲတွေ စဖြစ်ကတည်းက ရှောင်နေကြတာ” လို့ ဒေသခံ တဦးက ပြောပါတယ်။

တာမခန်ကျေးရွာက ဒေသခံပြည်သူတွေဟာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တပ်တို့ ဖေဖော်ဝါရီ ၂၅ ရက်လောက် တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်ကစပြီး ဘေးလွတ်ရာ တိမ်းရှောင်နေကြစဉ် ဒီနေ့မနက်ပိုင်းမှ စတင်ပြီး စစ်ကောင်စီတပ်က စစ်ဘေးရှောင်တွေရဲ့ အိမ်တွေ မီးရှို့နေကြတာပါ။

တာမခန်ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့တာကြောင့် စစ်ဘေးရှောင်တွေရဲ့ နေအိမ် ဘယ်နှလုံး ဆုံးရှုံးသွားတယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

တာမခန်ကျေးရွာမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းချရာ နေရာတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်က စတင်ပြီး KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က စတင်တိုက်ခိုက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013