DVB Logo
Home
မြန်မာသတင်း
ပင်လောင်းတွင် PNA က ကျည်ဖိုး တအိမ် ၈ သောင်း ကောက်နေသဖြင့် ဒေသခံများ အခက်ကြုံ
DVB
·
March 3, 2024
ပင်လောင်းတွင် PNA က ကျည်ဖိုး တအိမ် ၈ သောင်း ကောက်နေသဖြင့် ဒေသခံများ အခက်ကြုံ
1 / 2
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ကျေးရွာတွေမှာ PNA ပြည်သူ့စစ်က ဒေသကာကွယ်ဖို့ ဆိုပြီး ကျည်ဆန်ဖိုး တအိမ်ကို ၈ သောင်း ကောက်ခံနေတာကြောင့် ဒေသခံတွေ အခက်အခဲ ဖြစ်နေကြပါတယ်။

PNA ပြည်သူ့စစ်ဟာ မတ် ၁ ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသူကြီးမှတဆင့် ကောက်ခံခိုင်းတာဖြစ်ပြီး မတ် ၁၅ ရက်နေ့ နောက်ဆုံး ပေးဆောင်ရမယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “သူတို့က လတိုင်း ကောက်ပါတယ်။ တခါတလေ တလကို ၃ ခေါက်လောက် ကောက်တယ်။ စစ်သင်တန်းအတွက် စရိတ်၊ ရှေ့တန်းက စစ်သားတွေအတွက် ဖိနပ်ဖိုး၊ ရေဖိုးဆိုပြီး ကောက်တယ်။ တခုက မထည့်နိုင်သေးဘူး၊ နောက်တခုက ထပ်လာပြန်ပြီ” လို့ ပြောပါတယ်။

လက်ရှိမှာ ဒေသခံတွေစိုက်ပျိုးတဲ့ အာလူး၊ ကော်ဖီထုပ်၊ လက်ဖက်တွေဟာလည်း ဈေးမရှိတာကြောင့် အခုလို သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ငွေကောက်ခံတာကြောင့် ဒေသခံတွေဟာ ခက်ခဲတာထက် ပိုခက်ခဲနေကြတယ်လို့ ဆိုပါတယ်။

ဒေသခံက “စိုက်ထားတဲ့သီးနှံက ဈေးမရှိဘူး၊ ကုန်ဈေးနှုန်းလည်း အရမ်းကြီး၊ ဆက်ကြေးလည်း ထည့်ရတော့ တနေ့ကို ထမင်းတနပ် လျှော့စားတာတို့ လုပ်ရတယ်။ တချို့ တနေ့လုပ် တနေ့စားတွေဆို ဘာမှတောင်ဝယ် မစားရဲဘဲ ဆန်ပြုတ်ပဲ သောက်ပြီး ဆက်ကြေးထည့်နေရတယ်။ မထည့်ရင်လည်း သေနတ်နဲ့ လာခြိမ်းခြောက်တယ်” လို့ ပြောပါတယ်။

ပင်လောင်းဒေသမှာ PNA ပြည်သူ့စစ်က ကျည်ဆန်ဖိုး၊ စစ်သားဖိနပ်ဖိုး၊ ရေဖိုး၊ စစ်သား စီးဖို့ ကားဖိုး၊ စစ်သင်တန်းတက်သူအတွက် စားစရိတ်ဖိုး စတာတွေ ကောက်ခံတဲ့အပြင် ဆန်၊ လက်ဖက်ခြောက်၊ ကြက်သွန်ဖြူ၊ ထင်း၊ ဝါး စတာတွေလည်း လစဉ် ကောက်ခံနေတယ်လို့ ဆိုပါတယ်။

ပင်လောင်းမြို့နယ်မှာ ပအိုဝ်းရင်းသား အများဆုံး နေထိုင်ကြကာ လက်ဖက်စိုက်ပျိုးတာကို အဓိကလုပ်ကိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်သင်တန်းတက်ရောက်ဖို့လည်း ဒေသခံလူငယ်တွေကို လစဉ် တရွာ ၅ ယောက်မှ ၈ ယောက်အထိ တောင်းခံလာကြောင်း၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဒေသခံလူငယ်တွေကို အတင်းအဓမ္မ ခေါ်ဆောင်သွားပြီးနောက် ရင်းမှီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းထဲမှာ စစ်သင်တန်းတက်ခိုင်းပြီး အိမ်ပြန်ခွင့်လည်း မပေးဘူးလို့ သိရပါတယ်။

စစ်သားစုဆောင်းခံတဲ့ ပင်လောင်းလူငယ်တဦးက “လာခေါ်တုန်းက ကိုယ့်ရပ်ရွာ ကာကွယ်ဖို့အတွက် ပြောတာဆိုပေမယ့် လာခေါ်ပြီး ဗမာစစ်တပ်ထဲ တန်းပို့တယ်။ စစ်သင်တန်း သင်ခိုင်းတယ်။ သေနတ်ပစ်တာကအစ သင်ပေးတယ်။ ခုဆို အိမ်ပြန်ခွင့်က လုံးဝမပေးတော့ဘူး။ စစရောက်တုန်းဆို ဖုန်းသိမ်းထားသေးတယ်၊ နောက်မှ ဖုန်းကပြန်ပေးတာ” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်မှုမထမ်းတဲ့သူတွေကို PNA ပြည်သူ့စစ်နဲ့ ကျေးရွာလူကြီးက ငွေကျပ်သိန်း ၂၀ တောင်းခံတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

“မသွားတဲ့လူဆို ငွေသိန်း ၂၀ တောင်းတယ်။ မပေးရင် ကိုယ့်အိမ်မှာရှိတဲ့ ပစ္စည်းတွေ၊ ကျွဲ၊ နွားတွေကို သိမ်းသွားတယ်။” 

PNA ပြည်သူ့စစ်က အခုလို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေတာကြောင့် ဒေသခံလူငယ်တွေဟာ လာအိုနဲ့ ထိုင်းနိုင်ငံတွေဘက် ထွက်ပြေးသူများလာတယ်လို့ ဆိုပါတယ်။

အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့ လူငယ်တွေကတော့ ဝါးလီးရွာက ၆ ယောက်၊ ဆောင်းထံရွာ ၈ ယောက်၊ တင်းထက်ရွာ ၁၅ ယောက်၊ ထီတလီးရွာ ၈ ယောက်၊ ပင်ခွန်ရွာ ၈ ယောက်၊ တောင်လေးရွာ ၁၀ ယောက် ဆောင်းပြောင်းရွာ ၁၅ ယောက်၊ ပင်တလဲရွာ ၄ ယောက်နဲ့ တခြားကျေးရွာ ၁၅ ရွာကလည်း တရွာ လူငယ် ၅ ဦးမှ ၈ ဦးအထိ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၃ နှစ်စပိုင်းကတည်းက စစ်သားစုဆောင်းခံခဲ့ရတာဖြစ်ပြီး  အရင်က PNA တပ်စခန်းရှိရာ အောင်ဆုဗွေစခန်းမှာ စစ်သင်တန်းတက်ခဲ့ရပေမဲ့ အခု ၂၀၂၄ ခုနှစ်မှာတော့  စစ်ကောင်စီတပ်စခန်းမှာလို့ ဆိုပါတယ်။

ပင်လောင်းမြို့နယ်မှာ ကျေးရွာပေါင်း ၄၅၀ ရှိပြီး လှုဦးရေ ၁ သိန်း ၈ သောင်းနေထိုင်ကာ လှုဦးရေ ၈ သောင်းက ကိုယ့်ဒေသကာကွယ်ဖို့အတွက် လက်နက်ကိုင်ပြီး ပြည်သူ့စစ်ဝင်ထားကြောင်း PNA ပြည်သူ့စစ်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

အခုလို စစ်သားစုဆောင်းတာနဲ့ ပက်သက်ပြီး PNA တာဝန်ရှိသူ ဗိုလ်မှူးခွန်ထွန်းရွှေကို ဒီဗွီဘီက ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013