
ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၄) ထံ ပြန်လည်ပူးပါင်း ဝင်ရောက်လာတဲ့ ကော်သူးလေတပ်မတော် (KTLA) ဆာကပေါ်တပ်ရင်းမှ ဗိုလ်စောအဲဖိုး အပါအဝင် အဖွဲ့ဝင်တွေကို စက်တင်ဘာ ၂၁ ရက်မှာ အခမ်းအနားနဲ့ ပြန်လည်ကြိုဆိုခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
ပြန်လည်ဝင်ရောက်လာတဲ့ ဆာကပေါ်တပ်ရင်း တာဝန်ရှိသူတွေနဲ့ တပ်ဖွဲ့ဝင် စုစုပေါင်း ၂၅ ယောက်တို့ကို K.N.L.A တပ်မဟာ (၄) ဗျူဟာမှူး ဗိုလ်မှူးကြီး စောလေးသိန်းက ကြိုဆိုဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။
ဒီနောက် မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုစောဖလို့စိုးဝင်း၊ တပ်မဟာ (၄) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောလေးထော၊ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားနဲ့ ပဒိုစောအော်ကော်တို့က တိုက်တွန်းအားပေးစကားတွေ အသီးသီး ပြောကြားခဲ့ကြပြီး ဆာကပေါ် တပ်ရင်းမှူး ဗိုလ်စောအဲဖိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါတယ်။
အခမ်းအနားမှာ K.N.L.A ရဲ့ ဦးဆောင်မှုအောက်သို့ ပြန်လည်ဝင်ရောက်လာတဲ့ ဆာကပေါ်တပ်ရင်း ခေါင်းဆောင်တွေကို ဂုဏ်ပြုဆုတွေ ပေးအပ်ခဲ့တဲ့အပြင် K.N.L.A လက်မောင်းတံဆိပ်တွေ ပြောင်းလဲတပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
ကော်သူးလေတပ်မတော် (KTLA) ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ကနေ ခွဲထွက်ပြီး ဗိုလ်ချုပ်ကြီး စောနယ်ဒါးမြရဲ့ ဦးဆောင်မှုနဲ့ ၂၀၂၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ တပ်ဖွဲ့ ဖြစ်ပါတယ်။











