DVB Logo
Home
မြန်မာသတင်း
မင်းပြားတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ပြည်သူ ၇ ဦး ဒဏ်ရာရ
DVB
·
March 3, 2024
မင်းပြားတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ပြည်သူ ၇ ဦး ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ကို မတ်လ ၁ ရက်နေ့ ညက စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းပြားမြို့ပေါ်ရပ်ကွက်တွေမှာ နေထိုင်တဲ့အရပ်သား ပြည်သူ ၇ ဦး ဒဏ်ရာအပြင်းအထန်ရရှိကာ နေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားတဲ့ ပြည်သူတွေဟာ မင်းပြားမြို့ပေါ်ရပ်ကွက် ကင်းဆိပ်နဲ့ ကံ့ကော်မြိုင်ရပ်ကွက်တွေကဖြစ်ပြီးတော့ ဒဏ်ရာရရှိတဲ့ ပြည်သူတွေထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ မိန်းကလေးတယောက်လည်း ပါဝင်ပါတယ်။

မင်းပြားမြို့ခံတဦးက “မြို့ထဲကို ဗုံးက ၁၀ လုံးလောက် လေယာဥ်နဲ့လာကြဲသွားတာ၊ ကားဂိတ်ဘက်မှာကော၊ ကားဂိတ်နဲ့နီးတဲ့ ကင်းဆိပ်ဘက်မှာ အိမ်တွေ မီးအရင်စလောင်တယ်။ ဒဏ်ရာအပြင်းအထန်ရတဲ့သူတွေလည်း ရတယ်။ တယောက်ဆို ခြေထောက်ဖြတ်ရမလား မသိဘူး။ အခုတော့ ဆေးရုံမှာ အရေးပေါ်လူနာအဖြစ်နဲ့ ဆေးကုနေတယ်” လို့ ပြောပါတယ်။ 

မင်းပြားမြို့ကို အေအေက ထိန်းချုပ်ထားပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်က  မင်းပြားမြို့နယ် အပါအဝင်၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တောနဲ့ ပလက်ဝမြို့တွေကို လေကြောင်း သုံးပြီးတော့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မင်းပြားမြို့နယ်နေ စစ်ဘေးရှောင်တဦးက “အေအေဘက်ကနေ မြို့တွေကို သိမ်းထားတော့၊ နေ့တိုင်းနီးပါး လေယာဥ်နဲ့လာပြီးတော့ ဗုံးလာကြဲတယ်။ ပြည်သူတွေနေလို့ မရအောင်ဆိုပြီး ပြည်သူတွေရှိတဲ့ နေရာတွေကို အဓိကထားပြီး လုပ်နေတာ။ ဗုံးလာကြဲတာကိုလည်း ကြောက်ရ၊ ဗုံးခိုကျင်းထဲလည်း ပြေးရ၊ စားဖို့သောက်ဖို့ကလည်း အခက်အခဲနဲ့ဆိုတော့ အသက်တောင် ရှင်ချင်တဲ့ စိတ်မရှိတော့ဘူး”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့အပြင်၊ တပြည်နယ်လုံး အေအေ ထိန်းချုပ်မှုအောက်ကို ရောက်ရှိမယ့် အခြေအနေနဲ့ ကြုံတွေ့နေရတဲ့ စစ်ကောင်စီဟာ ပြည်သူလူထုကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေကာ ပြည်သူတွေကို အကြောက်တရားနဲ့ ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။ 

အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်  ဦးဦးလှသိန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ဖေဖော်ဝါရီ ၂၉ ရက်ကလည်း  စစ်ကောင်စီရဲ့ ရေတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့်  စစ်တွေမြို့မဈေးအနီး ကိုးရီးယားဆိပ်ကမ်းပျံကျဈေးအနီးမှာ အရပ်သားပြည်သူ ၁၂ ဦးသေဆုံးပြီး အယောက် ၈၀ ကျော် ဒဏ်ရာရှိခဲ့ပါတယ်။

ဒါ့အပြင် မင်းပြားမြို့နယ်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကလည်း လေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်းပြားမြို့နယ် သေကံရွာနဲ့ မင်းဖူးနယ်မှာ အရပ်သား ၁၄ ယောက် ဒဏ်ရာရှိကာ၊ အရပ်ဘက်ဆေးရုံတရုံ  ပျက်စီးကုန်ပါတယ်။

စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် ပေါ်ပေါ်ထင်ထင် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အပေါ်  တာဝန်ယူ၊ တာဝန်ခံမှု အပြည့်အဝရှိရမှာဖြစ်ပြီး  စစ်ရာဇဝတ်မှု ကျူးလွန်နေသူတွေအပေါ် ထိရောက်တဲ့ အရေးယူ အပြစ်ပေးမှုတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013