DVB Logo
Home
မြန်မာသတင်း
စစ်တွေဈေးကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည့် စစ်ကောင်စီတပ်အား ထိရောက်စွာ အရေးယူ မည်ဟု အေအေပြော
DVB
·
March 1, 2024
စစ်တွေဈေးကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည့် စစ်ကောင်စီတပ်အား ထိရောက်စွာ အရေးယူ မည်ဟု အေအေပြော
Donate to DVB

စစ်ကောင်စီရဲ့ ရေတပ်သင်္ဘောတစီးက ဖေဖော်ဝါရီ ၂၉ ရက် မနက် ၈ နာရီကျော်မှာ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ပွဲမှုကြောင့် စစ်တွေမြို့၊ ကိုရီးယားဆိပ်ကမ်းဈေးမှာ အရပ်သားပြည်သူ ၁၂ ဦး သေဆုံးကာ ၅၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်တွေမြို့တွင်းမှာ တိုက်ပွဲတစုံတရာ မဖြစ်ပွားဘဲ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုအပေါ် ရက္ခိုင့်တပ်တော် (အေအေ) အနေနဲ့ ထိရောက်စွာ အရေးယူသွားမှာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ အခုလုပ်ရပ်အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝ ရှိရမယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) က ဖေဖော်ဝါရီ ၂၉ ရက် ညနေ ၅ နာရီခွဲမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စစ်တွေမြို့နဲ့ မြို့ပတ်ဝန်းကျင် အနီးတဝိုက်မှာ တိုက်ပွဲတစုံတရာ မဖြစ်ပွားဘဲ အများပြည်သူ ဈေးရောင်းဈေးဝယ် လူစည်ကားနေတဲ့အချိန် အကြမ်းဖက်စစ်ကောင်စီက အခုလို အစုလိုက်အပြုံလိုက် သေဆုံးစေရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းလက်ရဲဇက်ရဲ ကျူးလွန်တာဖြစ်ကြောင်း၊ ပြည်သူလူထုကို အဓိကပစ်မှတ်ထားသော စစ်ရာဇဝတ်မှုကျူးလွန်ဖို့ ညွှန်ကြားအမိန့်ပေးနေတဲ့ အကြမ်းဖက် စစ်ကောင်စီအနေနဲ့ အခု လုပ်ရပ်ကို တာန်ယူမှု၊ တာဝန်ခံမှု ရှိရမှာဖြစ်ပြီး အေအေအနေနဲ့ ရခိုင်ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ သူတွေကို စစ်ဆေးဖော်ထုတ် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေမှုအပေါ် နိုင်ငံတကာအသိုက်အဝန်းနဲ့ အိမ်နီးပါးချင်းနိုင်ငံတွေကပါ ဆန့်ကျင်ကြဖို့ ရက္ခိုင့်တပ်တော်က တိုက်တွန်းထားပြီး စစ်တွေမြို့မဈေးကို ပစ်ခတ်မှုဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျုးလွန်တာလို့ အေအေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တွေမြို့မဈေး တိုက်ခိုက်ခံရမှုမှာ လက်ရှိသေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို စစ်တွေမြို့ဆေးရုံကြီးကို ပို့ဆောင်ထားပြီးတော့ သေဆုံးသူတွေဟာ စစ်တွေမြို့နယ်တဝိုက်က စစ်တွေမြို့မဈေးကို ဈေးလာဝယ်ကြသူတွေနဲ့ ဈေးရောင်းနေတဲ့ ဈေးသည်တွေအပါအဝင် ကလေးငယ်တွေပါ ပါရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်တွေမြို့မဈေးတိုက်ခိုက်ခံရမှုမှ လွတ်မြောက်လာတဲ့ ဒေသခံတဦးက “ဈေးမှာ လူအစည်ဆုံးအချိန် ပစ်ခတ်ခံရတာဆိုတော့ ဒဏ်ရာရသူပါ သေဆုံးသူပါ များတယ်။ သေတဲ့သူတွေထဲမှာ မြို့အနီးတဝိုက်ရွာတွေက ဈေးလာဝယ်ကြတဲ့သူတွေလည်း ပါတယ်။ မြို့ထဲက ဈေးရောင်းနေသူတွေပါ ကလေးငယ်တွေပါပါတယ်။ တချို့ဆို ခါးအလယ်ကနေ ပြတ်သွားတယ်၊ တချို့ဆို ခေါင်းကိုဖောက်သွားတယ်။ ခြေတွေလက်တွေက ပြတ်နဲ့ တဈေးလုံး သွေးတွေ၊ အော်သံတွေနဲ့ ကမ္ဘာပျက်သလိုဖြစ်သွားတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မဈေးကို တိုက်ခိုက်မှုကြောင့် ပြည်သူအများအပြား ထိတ်လန့်နေကြကာ နီးစပ်ရာကို စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေကြောင်း၊ စစ်ကောင်စီကလည်း ပြည်သူတွေ ခရီးသွားလာခွင့်မရအောင် လေကြောင်း၊ ရေကြောင်းနဲ့ ကုန်လမ်းတွေကိုပါ ပိတ်ဆို့ထားပြီးတော့ ခရီးသည်တွေနဲ့ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေပါတယ်။

စစ်တွေမြို့မဈေးတိုက်ခိုက်မှုအပေါ် တုံ့ပြန်ချက်ရရှိဖို့အတွက် စစ်ကောင်စီလက်အောက်ခံ ပြည်နယ်ဥပဒေချုပ် ဦးဦးလှသိန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အဆက်အသွယ် မရရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ်မှာအရေးပါတဲ့ မြို့တွေ၊ တပ်စခန်း၊ ဗျူဟာကုန်းတွေအပါအဝင် လက်နက်ခဲယမ်းတွေနဲ့ တပ်သားတွေများစွာကို ရက္ခိုင့်တပ်တော်မှနေ သိမ်းပိုက်ပြီးနောက်မှာ စစ်ရေးအရရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ပြည်သူလူထုနဲ့ ဈေး၊ ဆေးရုံ၊ ကျောင်း၊ သမိုင်းဝင်အဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်မှာ စစ်ရေးရှံးနိမ့်နေတာကြောင့် လူမျိူးရေးဆန်ဆန်ရှုံးမဲမဲပြီး ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာကို ရပ်တန့်ဖို့၊ အရှုံးကို ဂုဏ်သိက္ခာရှိရှိ လက်ခံဖို့နဲ့ အရှုံးသမားပီသအောင် ကြိုးစားခြင်းကသာ တခုတည်းသော အကောင်းဆုံး ရွေးချယ်ရာဖြစ်တယ်လို့လည်း ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ တွစ်တာအကောင့်ကနေ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013