
ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေးအတွက် ကုန်သွယ်ရေးလမ်းကြောင်းတွေတလျှောက်မှာ မလိုလားအပ်တဲ့ စစ်ဆေးရေးဂိတ်တွေ လျှော့ချဖို့ စစ်အာဏာရှင် မင်းအောင်လှိုင်က ဩဂုတ် ၂၅ ရက်နေ့က စစ်အာဏာရှင်အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောပါတယ်။
အဓိက ကုန်စည်စီးဆင်းရာ လမ်းကြောင်းတွေပေါ်မှာ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေ၊ ရဲနဲ့ ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးဂိတ်တွေက ကုန်တင်ယာဉ်တွေဆီကနေ ငွေကြေးအဆမတန် ကောက်ခံနေတာ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။
ဇူလိုင် ၂၈ ရက်က ကျင်းပခဲ့တဲ့ စစ်အာဏာရှင်လွှတ်တော် အစည်းအဝေးမှာလည်း သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကောင်းသက်စံက ရှမ်းပြည်နယ်နဲ့ မန္တလေးကို ဆက်သွယ်ထားတဲ့ သီပေါတံတားကို ပိတ်ထားပေမဲ့ မှောင်ခိုလမ်းကနေ ကားတွေ နေ့ရောညပါ ဖြတ်သန်းနေပြီး ဒီလိုဖြတ်သန်းရာမှာ လားရှိုးကနေ ပြင်ဦးလွင်အထိ ကားတစီးကို လမ်းကြေး ငွေကျပ်သိန်း ၁,၂၀၀ ပေါက်ဈေးရှိနေပြီး တနေ့ကို အနည်းဆုံး ကား ၃ စီး ဖြတ်သန်းနေတဲ့အတွက် တနေ့တည်းမှာတင် ငွေကျပ်သိန်း ၃,၆၀၀ ဖိုးလောက် တရားမဝင် လာဘ်စားမှုတွေ ရှိနေတယ်လို့ ထောက်ပြခဲ့ပါတယ်။
တဖက်မှာ စစ်အာဏာရှင်က တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးနဲ့ စစ်ဆေးရေးဂိတ်တွေ လျှော့ချဖို့ ပြောဆိုနေပေမဲ့ အောက်ခြေမှာတော့ ပိတ်ဆိုကန့်သတ်မှုတွေကြောင့် လာဘ်ပေးလာဘ်ယူမှုတွေ ပိုဆိုးရွားလာနေပြီး လမ်းခရီး ကုန်ကျစရိတ်တွေကြောင့် ကုန်ဈေးနှုန်းတွေလည်း ၂ ဆကနေ ၃ ဆအထိ ခုန်တက်နေတယ်လို့ ကုန်သည်တွေက ဝေဖန် ထောက်ပြနေကြပါတယ်။
ဒါ့အပြင် တရားမဝင်ကုန်သွယ်မှုတွေကြောင့် အခွန်အခတွေ ထိခိုက်နစ်နာရသလို ပြည်သူတွေလည်း ဈေးကြီးပေးပြီး ဝယ်ယူနေရကြောင်း၊ ဒါကြောင့် တရားမဝင် ကုန်သွယ်မှုတွေကို အလေးထား ကြပ်မတ်ဖို့လည်း မင်းအောင်လှိုင်က သူ့ရဲ့အစိုးအဖွဲ့ကို ညွှန်ကြားခဲ့ပါသေးတယ်။











