DVB Logo
Home
မြန်မာသတင်း
တာချီလိတ်တွင် ဖမ်းဆီးခံရသည့် ထိုင်းနိုင်ငံသား ၁၄၈ ဦးနှင့် အဆက်အသွယ်မရသဖြင့် မိသားစု စိုးရိမ် 
DVB
·
February 29, 2024
တာချီလိတ်တွင် ဖမ်းဆီးခံရသည့် ထိုင်းနိုင်ငံသား ၁၄၈ ဦးနှင့် အဆက်အသွယ်မရသဖြင့် မိသားစု စိုးရိမ် 
Donate to DVB

မြန်မာ-ထိုင်းနယ်စပ် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့သီတင်းပတ်က အွန်လိုင်းလောင်းကစားရုံကို ဝင်ရောက်စီးနင်းစဉ်  ဖမ်းဆီးခံရတဲ့ ထိုင်းနိုင်ငံသား ၁၄၈ ဦးဟာ မိသားစုက အဆက်အသွယ်မရဖြစ်နေတယ်လို့ Transborder news ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

သူတို့တွေ အဖမ်းခံထားရတာ တပတ်နီးပါးကြာမြင့်ခဲ့ပေမဲ့ ဘယ်နေရာ ဖမ်းထားမှန်း မသိ၊ တာဝန်ရှိသူတွေကလည်း အကြောင်းမကြား၊ ကာယကံရှင်တွေနဲ့လည်း ဆက်သွယ်လို့ မရတာကြောင့်  သက်ဆိုင်ရာ မိဘဆွေမျိုးတွေအနေနဲ့ စိုးရိမ်ပူပန်နေကြတယ်လို့ ထိုင်းသတင်းက ဆိုပါတယ်။ 

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၇၅ ဦး၊ အမျိုးသမီး ၇၃ ဦးပါဝင်ပြီး တချို့က လိမ်လည်လှည့်ဖြားခံရတာ ဖြစ်တယ်၊ တချို့က အွန်လိုင်းလောင်းကစားလုပ်ငန်းမှန်း သိသိကြီးနဲ့ သွားလုပ်တာ၊ အများအားဖြင့် call center  Admin လုပ်တယ်၊ ၁ လကို လူပေါင်း ၃၀ မှ ၅၀ ဦးအထိ လိမ်နိုင်ရင် လစာဘတ်ငွေ ၁၅၀၀၀ မှ ၂၀၀၀၀ ထိရတယ်၊ အဖမ်းမခံရခင်က အိမ်နဲ့အဆက်သွယ်ရှိပြီး  ငွေတွေလည်း ပို့ပေးတယ်လို့ အဖမ်းခံရသူတဦးရဲ့ ဆွေမျိုးက ပြောပါတယ်။ 

ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ခွန်နရုန်းဖွန်း ခေတ်အန်ကလည်း ခါတိုင်းဆိုရင် ထိုင်းနိုင်ငံသားတွေ မြန်မာဘက်ခြမ်းမှာ အဖမ်းခံရင် သူ့ဆီကို အရင်အကြောင်းကြားတယ်၊ အဖမ်းခံရသူတွေရဲ့ ကိုယ်ရေးအချက်အလက် ဖလှယ်ပြီး တရားခံပြန်အပ်ရေးတွေ ဆွေးနွေးတယ်၊ ဒီတခေါက်တော့ ဘာမှအကြောင်းမကြားသေးဘူးလို့ ပြောပါတယ်။ 

ဆွေမျိုးတယောက် အဖမ်းခံထားရတဲ့ တာချီလိတ်ဒေသခံတဦးကတော့ အဖမ်းခံရသူတွေ အားလုံးကို တာချီလိတ် ဟောင်လိုတ်ရပ်ကွက်ထဲက ဂိုဒေါင်တခုမှာ ထိန်းသိမ်းထားတယ်၊ သူတို့ ဖုန်းနဲ့ ဆိုင်ကယ်တွေ အကုန်သိမ်းထားတယ်၊ ဖုန်းကိုင်ခွင့် မရှိဘူး၊ သွားကြည့်လို့တော့ ရတယ်လို့  သတင်းထောက်ကို ပြောပါတယ်။ 

ထိုင်း-မြန်မာနယ်ခြားကော်မတီ TBC ဥက္ကဋ္ဌ ဗိုလ်မှူးကြီး နာ့ထိဖိမ်းဆိန်က “တာချီလိတ်မှာ အဖမ်းခံရတဲ့ ထိုင်းနိုင်ငံသားတွေဟာ မြန်မာနိုင်ငံက တရားဥပဒေနဲ့အညီ ပြစ်ဒဏ်ပေးခံရမှာဖြစ်တယ်။ အများအားဖြင့် လိမ်လည်လှည့်ဖြားမှု၊ ကွန်ပျူတာဥပဒေ၊ လဝက ဥပ‌‌ဒေငြိစွန်းမှု စတာတွေပေါ့။ သူတို့ဟာ ကျိုင်းတုံအကျဉ်းထောင်ကို ဆက်ပြီး အပို့ခံရမှာဖြစ်တယ်။ သူ့အနေနဲ့တော့ မိမိနိုင်ငံသားတွေအတွက် စိုးရိမ်မကင်း ဖြစ်မိပါတယ်။ ပြစ်ဒဏ်တွေ လျှော့ပေါ့ပေးဖို့လည်း တောင်းဆိုမှာပါ”လို့  ဖေဖော်ဝါရီ ၂၈ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။ 

ဒါ့အပြင် ဒီတသုတ်မှာ အဖမ်းခံရသူတွေနဲ့ လောက်ကိုင်မှာ ရောင်းစားခံရသူတွေနဲ့ မတူဘူး၊ လောက်ကိုင်က စစ်ဖြစ်နေတဲ့ အခြေအနေမို့ အမြန်ဆုံးပြန်ခေါ်ဖို့ ပြောလို့ရတယ်၊  တာချီလိတ်မှာ အဖမ်းခံရသူတွေက အဲဒီလို မဟုတ်ဘူး၊ နယ်စပ် လွတ်လပ်စွာ သွားလာလို့ရတဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးကြီး နာ့ထိဖိမ်းဆိန်က“အမှန်က နိုင်ငံခြားမှာ အလုပ်သွားလုပ်မယ်ဆိုရင် ထိုင်းအလုပ်သမားရုံးနဲ့ ချိတ်ဆက်သွားရမှာလေ၊ အခုက သူတို့ဘာသာ နယ်စပ်ဖြတ်လက်မှတ်နဲ့ ဝင်သွားကြတာ။ ပြီးတော့ တဖက်နိုင်ငံက ဥပဒေကို ချိုးဖောက်တာမို့  ပြစ်ဒဏ်ခံယူရဦးမှာ။ အဲဒီတော့မှ ပြန်ပို့မှာ၊ ဒီဘက် ပြန်ရောက်ရင်လည်း ထပ်ပြီးစစ်ဆေးခံရမယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေ‌ဖော်ဝါရီ ၂၃ ရက်က တာချီလိတ်မှာ အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုနဲ့ ပတ်သက်လို့  မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးခံရသူပေါင်း  ၆၈၉ ဦးရှိပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသား ၅၄၀၊ ထိုင်းနိုင်ငံသား ၁၄၈ ဦး နဲ့ တရုတ်နိုင်ငံသားက ၁ ဦး ပါဝင်ပါတယ်။ 

ကျားဖြန့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်း နောက်ကွယ်က ကြိုးကိုင်နေသူမှာ တရုတ်တွေ ဖြစ်ပေမဲ့ ဒီတကြိမ် တရုတ်နိုင်ငံသား တဦးသာ ဖမ်းမိတဲ့အပေါ် လူမှုကွန်ရက်မှာ မြန်မာစစ်တပ်ကို မသင်္ကာမှုတွေ ရှိနေပါတယ်။ 

Source: Transborder News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013