DVB Logo
Home
နိုင်ငံတကာ
ဆေးခြောက်အသုံးပြုခွင့် ထိုင်း တားမြစ်ပိတ်ပင်မည်
DVB
·
February 29, 2024
ဆေးခြောက်အသုံးပြုခွင့် ထိုင်း တားမြစ်ပိတ်ပင်မည်
Donate to DVB

ထိုင်းနိုင်ငံဟာ ဒီနှစ်ကုန်ပိုင်းကစပြီး ဆေးခြောက်ကို အပန်းဖြေရာမှာ အသုံးပြုခွင့်ကို တားမြစ် ပိတ်ပင်မှာဖြစ်ပြီး ဆေးဘက်ဆိုင်ရာ သုံးခွင့်ကိုတော့ ဆက်ပြီးခွင့်ပြုသွားမယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးက လူတွေ့ မေးမြန်းခန်းအတွင်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ၂၀၁၈ ခုနှစ်မှာ ဆေးခြောက်ကို ဆေးဝါးအဖြစ် သုံးခွင့်ပြုတဲ့ ပထမဆုံး အရှေ့တောင်အာရှနိုင်ငံ ဖြစ်လာတာပါ။ အဲဒီနောက် ၂၀၂၂ ခုနှစ်မှာ အပန်းဖြေရာမှာ ဆေးခြောက်ကို သုံးဖို့ ခွင့်ပြုခဲ့လို့ ထောင်သောင်းချီတဲ့ ဆေးခြောက်ဆိုင်တွေ ပေါ်လာခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံတန်လုပ်ငန်း ဖြစ်လာပါတယ်။

ဆေးခြောက် သုံးတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ချက်ကို သီတင်းပတ် တပတ်အတွင်း ပယ်ဖျက်ပြီးတဲ့နောက်တခါ ဆေးခြောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေသစ်ကို ရေးဆွဲပြီး နှစ်ကုန်ပိုင်းမှာ အသက်ဝင်ဖို့ မျှော်လင့်တာဟာ ဟိုတစ သည်တစ စည်းမျဉ်းတွေကို အပြေးအလွှား ထုတ်ပြန်သလို ဖြစ်နေတယ်လို့ အကဲခတ်တွေက ဝေဖန်ပါတယ်။

ဒါပေမဲ့ ဥပဒေမူကြမ်းကို ဒီနှစ်မကုန်မီ လွှတ်တော်ကိုမတင်ခင် အစိုးရအဖွဲ့က လာမယ့်လမှာ အတည်ပြုမယ်လို့ ကျန်းမာရေးဝန်ကြီး ချိုနန် စရီကယောင်းက ပြောပါတယ်။

“ဆေးခြောက်ကို အလွဲသုံးစားလုပ်တာဟာ ထိုင်းကလေးငယ်တွေအပေါ် အပျက်သဘော ဆောင်တဲ့ သက်ရောက်မှုရှိတယ်။ ရေရှည်မှာ တခြားမူးယစ်ဆေးတွေဘက်ကို ရောက်သွားနိုင်တယ်။ ထိုင်းနိုင်ငံအတွင်း တရားဝင်မှတ်ပုံတင်ထားတဲ့ ဆေးခြောက် ဆိုင်အရေအတွက် ၂၀,၀၀၀ ရှိတယ်။ ဥပဒေသစ်မှာ ဆေးခြောက်ဟာ ထိန်းချုပ်ထားတဲ့ သစ်ပင် ဖြစ်လာပြီး စိုက်ပျိုးဖို့ ခွင့်ပြုချက် လိုလိမ့်မယ်၊ ဆေးဘက်နဲ့ ကျန်းမာရေးလုပ်ငန်းအတွက် ဆေးခြောက်စိုက်တာကို ကျနော်တို့ ပံ့ပိုးမှာပါ” လို့ ချိုနန်က ဆက်ပြောပါတယ်။

ဥပဒေမူကြမ်းသစ်မှာ ဆေးခြောက်ကို အပန်းဖြေဖို့ သုံးစွဲရင် ဒဏ်ငွေ ဘတ် ၆၀၀၀၀  ပေးဆောင်ရမှာပါ။

ဆေးခြောက် အဖူး၊ အဆီ၊ အစေး၊ အနှစ်နဲ့ ရှူဖို့ ပစ္စည်းတွေကို ရောင်းချ ကြော်ငြာဈေးကွက် တင်တာတွေ လုပ်ခဲ့ရင် ငွေဒဏ် ဘတ် ၁ သိန်းနဲ့ ထောင်ဒဏ် ၁ နှစ်တို့ကို သီးခြားစီရော ပူးတွဲပါ ကျခံရနိုင်ပါတယ်။

ဆေးခြောက်တင်သွင်းတာ၊ တင်ပို့တာ၊ စိုက်ပျိုးတာနဲ့ စီးပွားဖြစ် အသုံးပြုတာတို့အတွက်လည်း ခွင့်ပြုချက်လိုတယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။

ထိုင်းအစိုးရဟာ ဆေးခြောက်လုပ်ငန်းရဲ့ စီးပွားရေးအကျိုးအမြတ်ကို အသိအမှတ်ပြုပြီး စီးပွားရေးလုပ်ငန်းတွေကို စည်းမျဉ်းအသစ်နဲ့အညီ ချိန်ညှိဖို့ အချိန်ပေးမယ်လို့ ချိုနန်က ပြောပါတယ်။

လက်ရှိ ဆေးခြောက်ဆိုင်တွေဟာ လိုင်စင်သက်တမ်း ကုန်သည်အထိ လည်ပတ်နိုင်ပြီး စည်းမျဉ်းအသစ်တွေကို လိုက်နာရင် တရားဝင်ဆေးခြောက် ဆေးခန်းတွေအဖြစ် ပြောင်းလဲနိုင်ကြောင်း၊ စည်းမျဉ်းအသစ်ဟာ ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှာ မဟုတ်ဘူးလို့လည်း သူက ပြောခဲ့ပါတယ်။

Source/Photo- REUTERS/Athit Perawongmetha

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013