DVB Logo
Home
ကျန်းမာရေး
သွေးဆုံးချိန် အမျိုးသမီးများ၏ လုပ်ငန်းခွင်အခက်အခဲ 
DVB
·
February 29, 2024
သွေးဆုံးချိန် အမျိုးသမီးများ၏ လုပ်ငန်းခွင်အခက်အခဲ 
Donate to DVB

သွေးဆုံးခြင်းရဲ့ လက္ခဏာတွေဟာ အလုပ်လုပ်ဖို့ ပိုမိုခက်ခဲစေနိုင်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ ဘာလုပ်သင့်လဲ။

သွေးဆုံးချိန်ဟာ အမျိုးသမီးတွေရဲ့ လုပ်ငန်းခွင်ဘဝအပေါ် သက်ရောက်မှုရှိပုံက ဆယ်စုနှစ်ပေါင်းများစွာအထိ အမည်းစက်တွေနဲ့ ဖုံးလွှမ်းနေခဲ့ပါတယ်။

ဒါပေမဲ့ ဒါက စတင်ပြောင်းလဲနေပါပြီ။ သြစတြေးလျသတင်းထောက် Imogen Crump ရဲ့ မကြာသေးခင်က ထုတ်လွှင့်ပြသခဲ့တဲ့ သူ့ရဲ့မှတ်ချက်ကတော့ “အမျိုးသား ရုပ်မြင်သံကြားက ဟော်မုန်း‌တွေကို လေးစားမယ် မထင်ပါ”လို့ သူ့ရဲ့ ကြည်လင်ပြတ်သားမှုအတွက် သြဘာပေးခံခဲ့ရပါတယ်။

ဓမ္မတာလာခြင်းနဲ့ သွေးဆုံးခြင်းအတွက် အဖွဲ့အစည်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေကို  ကမ္ဘာလုံးဆိုင်ရာ ပြန်လည်သုံးသပ်မှုမှာတော့ လုပ်ငန်းခွင်တွေဟာ မီးယပ်သွေးဆုံးခြင်းဆိုင်ရာ တားမြစ်ချက်တွေကို ဖောက်ဖျက်တဲ့နေရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်တယ်လို့ တွေ့ရှိရပါတယ်။ မှန်ကန်တဲ့ ဝင်ရောက်စွက်ဖက်မှုတွေနဲ့ လုပ်ငန်းခွင်တွေဟာ ဝန်ထမ်းတွေကို သူတို့ရဲ့ ရောဂါလက္ခဏာတွေကို စီမံခန့်ခွဲနိုင်ပြီး လုပ်ငန်းခွင်မှာ ဆက်လက်ရှိနေစေနိုင်ပါတယ်။

အမျိုးသမီး ၄ ယောက်မှာ ၃ ယောက်ဟာ ဆိုးရွားတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။ သွေးဆုံးချိန် ဆိုတာ ဓမ္မတာလာနေတဲ့ အမျိုးသမီး ဒါမှမဟုတ် လူတဦးဟာ အနည်းဆုံး ၁၂ လကြာ ရာသီသွေးရပ်သွားတဲ့အခါကို ဆိုလိုပါတယ်။

ဓမ္မတာလာသူ အများစုဟာ အသက် ၄၅ နှစ်ကနေ ၆၀ ကြားမှာ သွေးဆုံးခြင်းကို ကူးပြောင်းပြီး သွေးဆုံးချိန်အကြိုရောဂါ လက္ခဏာတွေ ခံစားရပါတယ်။

လက္ခဏာတွေကတော့ အများအားဖြင့် ရင်ပူခြင်း၊ ညဘက် ချွေးထွက်ခြင်း၊ “ဦးနှောက်မြူ” လို့ခေါ်တဲ့ အသိဉာဏ်ဆိုင်ရာ အနှောင့်အယှက်များ၊ စိုးရိမ်ပူပန်မှုများ၊ စိတ်ဓာတ်ကျတဲ့ လက္ခဏာ‌တွေနဲ့ အိပ်ရေးပျက်တာတွေ ပါဝင်ပါတယ်။

တချို့လူတွေအတွက် သွေးဆုံးခြင်းလက္ခဏာက အချိန်တိုတောင်းပြီး မသက်မသာ အနည်းငယ်ပဲ ဖြစ်စေပါတယ်။ ဒါပေမဲ့ အမျိုးသမီး ၂၅ ရာခိုင်နှုန်းလောက်က သူတို့ရဲ့ နေ့စဉ် လုပ်ငန်းခွင်ဘဝတွေကို ဆိုးရွားစွာ ထိခိုက်စေတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။

သွေးဆုံးခြင်းဆိုတာ လုပ်ငန်းခွင်မှာ ဘာကြောင့် ပြဿနာဖြစ်တာလဲ။

မကြာသေးခင်က သြစတြေးလျ သုတေသနပြုချက်အရ အသက် ၄၅ နှစ်ကနေ ၆၄ နှစ်ကြား အမျိုးသမီး ၁၇ ရာခိုင်နှုန်းဟာ သွေးဆုံးချိန်ကြောင့် ပြီးခဲ့တဲ့ ၅ နှစ်အတွင်း အလုပ်က ခေတ္တအနားယူကြောင်း ဖော်ပြခဲ့ပါတယ်။

သွေးဆုံးခြင်းဟာ တချို့သော အမျိုးသမီးတွေရဲ့ စောစောစီးစီး အနားယူဖို့ ဆုံးဖြတ်ချက်ရဲ့ အဓိကအချက်လည်း ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ ပျမ်းမျှအားဖြင့် အမျိုးသားတွေထက် ၇ နှစ်ခန့်စောပြီး အနားယူကြပါတယ်။

သွေးဆုံးချိန်ကြောင့် သြစတြေးလျ အမျိုးသမီးများ အစောပိုင်း အငြိမ်းစားယူတဲ့ နှစ်တိုင်းအတွက် ဆုံးရှုံးသွားတဲ့ ဝင်ငွေနဲ့ အပိုဝင်ငွေဟာ ဒေါ်လာ ၁၅ ဒသမ ၂ ဘီလီယံခန့် ရှိမယ်လို့ ခန့်မှန်းရတဲ့အတွက် စီးပွားရေးသက်ရောက်မှုက သိသာထင်ရှားပါတယ်။

လုပ်ငန်းခွင်ယဉ်ကျေးမှုကို ပြောင်းလဲဖို့က အဓိကပါ။

သုတေသီတွေရဲ့ သုံးသပ်ချက်ပြုလုပ်ဖို့ ကမ္ဘာတဝန်းက အမျိုးသမီး‌တွေအတွက် ပံ့ပိုးပေးနေတဲ့ သွေးဆုံးချိန်တလျှောက်လုံး ပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းတွေကို စူးစမ်းလေ့လာခဲ့ပါတယ်။ အဖွဲ့အစည်း‌တွေမှာ အမျိုးမျိုးသော အောင်မြင်မှုတွေနဲ့ ကျယ်ပြန့်တဲ့ ကြားဝင်ဆောင်ရွက်မှုတွေကို စမ်းသပ်ခဲ့ကြပါတယ်။

ပိုကောင်းတဲ့ ချဉ်းကပ်နည်းတခုကတော့ သွေးဆုံးခြင်းလက္ခဏာများကို ပြောဆိုနိုင်တဲ့ ဘေးကင်းပြီး ပွင့်လင်းတဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုကို ဦးစားပေး လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။ အကြီးတန်းခေါင်းဆောင်တွေက အသိပညာပေးခြင်း၊ ပညာပေးခြင်းနဲ့ ဆွေးနွေးခြင်းတို့လို အပြုသဘောဆောင်တဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုကို အထောက်အကူ ဖြစ်စေပါတယ်။

အဲဒီလိုမဟုတ်ဘူးဆိုရင် ဝန်ထမ်းတွေဟာ သူတို့ရဲ့ အလုပ်အကိုင် လုံခြုံရေး သို့မဟုတ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ တိုးတက်မှုအပေါ် သက်ရောက်မှုရှိမှာကို စိုးရိမ်ပြီး တိတ်ဆိတ်စွာ ခံစားနေရဖွယ် ရှိပါတယ်။

ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ လိုက်လျောညီထွေရှိမှုက အဓိကဖြစ်ပါတယ်။

အထောက်အထားအခြေပြု လုပ်ငန်းခွင်လမ်းညွှန်ချက်တွေကို ပြုစုပျိုးထောင်ဖို့ ဝန်ထမ်းတွေနဲ့ အလုပ်ရှင်တွေ အတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ အဲ့ဒီထဲမှာ လုပ်ငန်းခွင် အခြေအနေတွေကို ပြုပြင်မွမ်းမံပုံနဲ့ ပတ်သက်ပြီး အရေးယူနိုင်တဲ့ အကြံဉာဏ်တွေ ပါဝင်သင့်ပါတယ်။

ဝန်ထမ်းတွေကို ပံ့ပိုးပေးတဲ့ လမ်းညွှန်ချက်တွေဟာ ဗျူရိုကရေစီနည်းပြီး လက်တွေ့ပိုကျနိုင်တာကြောင့် မူဝါဒတွေထက် ပိုမိုကောင်းမွန်ပါတယ်။ မီးယပ်သွေးဆုံးခြင်းဆိုင်ရာ လမ်းညွှန်ချက်တွေထဲမှာ အောက်ပါအချက်အလက်တွေကို အသုံးပြုဖို့ အကြံပြုပါတယ်။

  • လိုက်လျောညီထွေရှိသော လုပ်ငန်းခွင်အခြေအနေများ
  • ပန်ကာများ
  • သောက်ရေအေး
  • သဘာဝအလင်းရောင်
  • အခမဲ့လစဉ်သုံးထုတ်ကုန်များ
  • လေဝင်လေထွက်ကောင်းပြီး သဘာဝအထည်‌တွေနဲ့ ပြုလုပ်ထားတဲ့ ယူနီဖောင်းများ။

လမ်းညွှန်ချက်တွေကို မတူညီတဲ့ စက်မှုလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်း‌လုပ်ငန်းတွေနဲ့ အလုပ်အခန်းကဏ္ဍတွေမှာ လိုက်လျောညီထွေ ဖြစ်စေရပါမယ်။ ဝန်ထမ်းတွေကို အေးမြစေတဲ့ နည်းလမ်းတွေဟာ စီးပွားရေးလုပ်ငန်းသုံး မီးဖိုချောင်များ သို့မဟုတ် စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတို့လို လုပ်သားအလေးပေးတဲ့ အခန်းကဏ္ဍလို ပူပြင်းတဲ့ လုပ်ငန်းခွင်တွေမှာ ပိုမိုလိုအပ်ပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ သင်ကြားရေးဆိုင်ရာ လုပ်ငန်းခွင်အတွင်းက လမ်းညွှန်ချက်တွေမှာ ဆိုရင်တော့ အိမ်သာအဝင်အထွက်နားချိန်နဲ့ လုပ်ငန်းခွင်သုံး ရေချိုးခန်းသုံးပစ္စည်းများကို ပိုမိုထည့်သွင်းသင့်ပါတယ်။

လိုက်လျောညီထွေရှိတဲ့ အလုပ်စတင်ချိန်နဲ့ ပြီးဆုံးချိန်တွေ အပါအဝင် လိုက်လျောညီထွေရှိတဲ့ အလုပ်အခြေအနေများ၊ မကြာခဏ အားလပ်ချိန်များနဲ့ အိမ်မှအလုပ်လုပ်ခြင်းတွေဟာလည်း ရောဂါလက္ခဏာတွေ ပေါ်လာချိန်မှာ အသုံးဝင်ပါတယ်။

ပညာရေးနဲ့ အခြားသော စွက်ဖက်မှုတွေနဲ့ ပေါင်းစပ်ထားတဲ့ ခွင့်ရက်ထပ်ဆောင်းရပိုင်ခွင့် တွေဟာ ထိရောက်မှုရှိပေမဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးငြင်းခုံနေကြဆဲ ဖြစ်ပါတယ်။

အချို့သော အပိုအခွင့်အရေးတွေကတော့ သွေးဆုံးတဲ့ အမျိုးသမီးတွေကို အားနည်းတယ် သို့မဟုတ် အားမကိုးရဘူးလို့ ထင်မြင်ယူဆခြင်းတို့ကို ဖြစ်စေနိုင်တယ်လို့လည်း တချို့က ငြင်းခုံကြပါတယ်။

ဒါပေမဲ့ မှန်ကန်တဲ့အခြေအနေတွေမှာ ခွင့်‌ပေးခြင်း အစီအစဉ်ဟာ ဝန်ထမ်းတွေကို သူတို့ရဲ့ ရောဂါလက္ခဏာတွေကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲဖို့နဲ့ လန်းဆန်းစွာ အလုပ်ပြန်ဝင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။

လုပ်ငန်းခွင်တွေမှာ နောက်ကျကျန်နေမှုတွေကို အမီလိုက်ဖို့ လိုပါတယ်။

Victorian Women's Trust, Future Super နဲ့ ModiBodi တို့ဟာ သွေးဆုံးခြင်းနဲ့ ဓမ္မတာဒဏ်ခံရတဲ့ ဝန်ထမ်းတွေကို ပံ့ပိုးပေးတဲ့ ပထမဆုံးသော သြစတြေးလျ အဖွဲ့အစည်းများထဲမှာ ပါဝင်ပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ ဝန်ထမ်းတွေကို သူတို့ရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ရိုးသားစွာ ယုံကြည်ပြီး လိုအပ်တဲ့အခါ အကူအညီရယူဖို့ ခွန်အားပေးတဲ့ လုပ်ငန်းခွင်ဆိုင်ရာ ပံ့ပိုးမှုအမျိုးမျိုးကို လုပ်ဆောင်ပေးပါတယ်။

တင်းကျပ်တဲ့ အလုပ်အကိုင်ဈေးကွက်နဲ့ တိုးတက်တဲ့ ကော်ပိုရိတ် ယဉ်ကျေးမှုတွေက လှုံ့ဆော်ပေးတဲ့ လုပ်သားအင်အားနဲ့ ရာသီလာခြင်းနဲ့ သွေးဆုံးခြင်းဆိုင်ရာ မူဝါဒကို ထည့်သွင်းစဉ်းစားဖို့ အဖွဲ့အစည်းများကို ပိုမိုအားပေးနိုင်ပါတယ်။ Sustainability Victoria ဟာ မကြာသေးခင်က 2023 AFR Boss အလုပ်လုပ်ကိုင်ဖို့ အကောင်းဆုံးနေရာများစာရင်း (အစိုးရ၊ ပညာရေးနှင့် အမြတ်အစွန်းအတွက်မဟုတ်သောကဏ္ဍ) မှာ သူ့ရဲ့ တိုးတက်တဲ့ ဓမ္မတာလာခြင်းနဲ့ သွေးဆုံးခြင်းမူဝါဒကြောင့် ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။

လုပ်ငန်းခွင် ကျား၊ မ တန်းတူညီမျှမှုကို အလေးအနက်ပြုပါက လုပ်ငန်းခွင်သွေးဆုံးခြင်းဆိုင်ရာ အထောက်အပံ့တွေဟာ ပုံမှန်အတိုင်း လုပ်ငန်းရဲ့အစိတ်အပိုင်း ဖြစ်သင့်ပါတယ်။

လီလီ

Source: The conversation 

( The conversation ဝက်ဆိုက်မှာ  ဩစတြေးလျ ပညာရှင် Michelle O'Shea ၊ Danielle Howe၊ Mike Armour နဲ့ Sarah Duffy တို့ ပူးပေါင်းရေးသားထားတဲ့ “Symptoms of menopause can make it harder to work. Here’s what employers should be doing” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013