
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့လေဆိပ်ကို စစ်အာဏာရှင်တပ်က ပြုပြင်နေတာ တနှစ်ကျော်ကြာပြီ ဖြစ်ပေမဲ့ မပြီးစီးသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
လားရှိုးလေဆိပ်ကို ပြီးခဲ့တဲ့နှစ် မေလဆန်းပိုင်းကစလို့ ပြုပြင်နေတာဖြစ်ပေမဲ့ လက်ရှိအချိန်ထိ လေဆိပ်အဆောက်အအုံပဲ ပြီးစီးတာကို တွေ့ရပြီး ကျန်တာတွေက ပြုပြင်နေဆဲလို့ ဆိုပါတယ်။
လားရှိုးမြို့ ဒေသခံတယောက်က “လေဆိပ်အဆောက်အအုံပဲ ပြုပြင်ပြီးစီးသေးတာ တွေ့တယ်။ ကျန်တာက ပြင်နေကြဆဲပဲ။ ပြင်နေတာလည်း နှစ်ပေါက်နေပြီ။ ဒီနှစ်ဆန်းပိုင်းကတော့ ပြန်ပြေးဆွဲမယ် သတင်းထွက်သေးတယ်။ အခုသွားကြည့်တော့လည်း စစ်တပ်က ပြေးလမ်းမှာ မိုင်းရှာနေတာ တွေ့တယ်” လို့ DVB ကို ပြောပါတယ်။
၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲတွေကြောင့် လားရှိုးလေဆိပ်ကို ရပ်နားခဲ့ရသလို လားရှိုးမြို့ကိုလည်း ကိုးကန့်တပ် (MNDAA) က ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲမှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ ပြေးလမ်းမျက်နှာပြင်တွေ ပျက်စီးခဲ့ရသလို ခရီးသည်နားနေဆောင်၊ လေဆိပ်ရုံးခန်း အမိုး၊ နံရံနဲ့ မှန်တွေလည်း ပျက်စီးခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၅ ခုနှစ် ဧပြီလမှာ တရုတ်အကူအညီနဲ့ စစ်တပ်က လားရှိုးမြို့ကို ပြန်ထိန်းချုပ်ပြီး မေလ ဒုတိယပတ်မှာ လေယာဉ်ပြေးလမ်း၊ အဆောက်အအုံတွေကို စတင်ပြုပြင်ခဲ့တာ ဖြစ်ပါတယ်။










