Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မှုကျဆင်း၊ လယ်ယာထွက်ကုန် တင်ပို့မှု ရပ်နားထား
DVB
·
February 28, 2024

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ၊ စစ်ကောင်စီရဲ့ ကုန်သွယ်အခွန် ပြောင်းလဲသတ်မှတ်တာတွေကြောင့် လယ်ယာထွက်ကုန် တင်ပို့တာတွေ ရပ်နားထားရတယ်လို့  ကုန်သည်တွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှု ကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ကုန်သွယ်မှု အခွန်ပေါ်လစီကို ၇ လအတွင်း မူဝါဒ ၄ ကြိမ်ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။

မြန်မာ-ထိုင်းကုန်သွယ်မှုအနေနဲ့  မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို  လယ်ယာထွက်ကုန်တွေ၊ ရေထွက်ကုန်တွေကို အဓိကတင်ပို့နေတာပါ။

ထိုင်းနိုင်ငံကနေ ဆောက်လုပ်ရေးပစ္စည်းတွေ၊ လယ်ယာသုံးစက်နဲ့ စက်အပိုပစ္စည်းတွေ၊ ဆေးဝါး၊ အထည်အလိပ်၊ အလှကုန်၊ ဓာတ်မြေသြဇာ၊ စားသောက်ကုန်နဲ့ လျှပ်စစ်ပစ္စည်းတွေကို ပြန်လည်တင်သွင်းနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးပဋိပက္ခတွေ ဆက်ပြီးကြီးထွားနေတာကြောင့် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ ၁၁ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တယ်လို့ ထိုင်းစက်ရုံများအဖွဲ့ချုပ် FTI ဒုဥက္ကဋ္ဌ မစ္စတာ မွန်ထရီက ဖေဖော်ဝါရီ ၂၇ ရက်နေ့က  ဒေသတွင်းသတင်းတွေမှာ ပြောပါတယ်။ 

မြန်မာ-ထိုင်းနယ်စပ်ကို ကုန်စည်တင်ပို့ရာမှာ နှစ်ဖက်တိုက်ပွဲတွေ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် ကုန်တွေပျက်စီးတာအပြင် လမ်းကြောင်း တလျှောက် စစ်ကောင်စီ တပ်ဂိတ်တွေရဲ့ ငွေတောင်းခံတာတွေကြောင့်  ကုန်သည်တွေ  အရှုံးတွေနဲ့ ပိုမိုရင်ဆိုင်နေရသလို ကုန်တင်ပို့မှုတွေရပ်နားထားတာကြောင့် ပြည်တွင်းက တောင်သူတွေ အရှုံးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုန်သည်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ပြည်တွင်းက ပြောင်းစိုက်တောင်သူတွေဟာ ထိုင်းနိုင်ငံ ကုန်သည်တွေရဲ့ဝယ်လိုအားပေါ် မှီခိုလုပ်ကိုင်နေရတဲ့အပြင် သွင်းအားစုဖြစ်တဲ့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ လုပ်အားခဈေးနှုန်းတွေ ကြီးမြင့်လာတာတွေကြောင့် ပြောင်းပေါ်ချိန် ဝယ်ယူသူမရှိတဲ့အပြင် ဈေးနှုန်းကျဆင်းတာတွေကြောင့် အရှုံးတွေနဲ့ရင်ဆိုင်နေရတယ်လို့ ပြောင်းစိုက်တောင်သူတဦးက ပြောပါတယ်။

မြန်မာ-ထိုင်း နယ်စပ် နှစ်နိုင်ငံကုန်သွယ်မှုကို တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီး၊ မောတောင်၊ မယ်စဲ့ နယ်စပ်တွေကနေ ကုန်သွယ်မှုပြုလုပ်နေတာဖြစ်ပါတယ်။ 

ဒ့ါအပြင် မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုအနေနဲ့ ၂၀၂၃ ခုနှစ် ဧပြီလကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ ရက်အထိ ကန်ဒေါ်လာ ၃ ဒသမ ၇၅ ဘီလီယံကျော်ရရှိထားပြီး ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်ထက် ကန်ဒေါ်လာ ၄၃၀ ဒသမ ၈၁၂ သန်း လျော့နည်းသွားခဲ့ပါတယ်။ 

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုအတွင်း ထီးခီးနယ်စပ်ကနေ ပို့ကုန် ဒေါ်လာ သန်း ၂၀၀၀ ဝန်းကျင် ရရှိပြီး သွင်းကုန်အနေနဲ့ ဒေါ်လာ ၁၇၇ သန်းနဲ့ အများဆုံးရရှိထားပါတယ်။ 

မြဝတီနယ်စပ်ကနေ ပို့ကုန် ဒေါ်လာ ၂၇၃ သန်းရရှိပြီး သွင်းကုန်အနေနဲ့ ဒေါ်လာ ၇၂၆ သန်းနဲ့ ဒုတိယအ များဆုံးရရှိထားတယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

 အောင်ခန့်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024