
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ဖလူးနဲ့ မင်းလက်ပံကျေးရွာကို ၈ လကျော်ကြာတဲ့အထိ ထိုးဖောက်ဖို့ ကြိုးစားနေတဲ့ စစ်အာဏာရှင် စစ်ကြောင်းတွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်တော် (KNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းနဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့နဲ့ ဝေါလေဗျူဟာမကျရေး စစ်အာဏာရှင်တပ်ဘက်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ဗိုလ်ဘိအဖွဲ့၊ နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
တိုက်ပွဲအတွင်း စစ်အာဏာရှင် စစ်ကြောင်းတွေ အထိနာခဲ့တာကြောင့် ဝေဟင်၊ မြေပြင် ပစ်ကူ အလွန်အကျွံသုံးပြီး ထိုးစစ်ဆင်နေသလို ဇူလိုင် ၂၀ ရက် ည ၁၁ နာရီလောက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
မြေပြင်စစ်ရေးသတင်းရင်းမြစ်တယောက်က “ဆုံးရှုံးသွားတဲ့ နယ်စပ်က စခန်းတွေကို အကုန်ပြန်သိမ်းဖို့ကတော့ သူတို့မှာရှိတယ်။ ပြီးတော့ ရက် ၁၀၀ စီမံကိန်း ဆိုတာလည်း သူတို့မှာရှိတယ်။ ရက် ၁၀၀ စီမံကိန်းကလည်း ရက်ပြည့်သွားပြီ။ ပြီးတော့ သူတို့ အကြီးအကျယ် အင်အားဖြည့်ပြီးတော့ ထိုးတာလည်း သူတို့ အဲဒီလောက် ခရီးမရောက်ဘူး” လို့ ပြောပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၅ ရက်ကစပြီး ၈ လကျော်ကြာ စစ်အာဏာရှင် စစ်ကြောင်းတွေဟာ ဝေဟင်နဲ့ မြေပြင် ပစ်ကူရယူပြီး စစ်မှုထမ်းတပ်သားသစ်တွေကို အင်အားဖြည့်ကာ ဖလူး၊ မင်းလက်ပံကျေးရွာကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတာပါ။
ကရင်စစ်ရေးလေ့လာသူတယောက်က “လက်ရှိကတော့ စကစကတော့ စစ်ကြောင်းထိုးနေတာ လန်ကျတယ်။ ထိခိုက်ကျဆုံးတွေ များတယ်။ ပစ(ပြည်သူ့စစ်မှုထမ်း)အသစ်တွေ နယ်မြေ၊ စစ်ရေး ကျွမ်းကျင်မှုလည်းမရှိ အနေအထားမျိုးတွေ ဖြစ်တဲ့အပေါ်မှာ သူတို့ဘက်ကနေပြီးတော့မှ အသားစီးမရဘဲနဲ့ နောက်ပြန်လန်ကျတယ်ဆိုတဲ့ အနေအထားမှာ ရှိတယ်။ အဲဒီတော့ စကမဘက်က သူတို့ထင်ထားသလောက် တွက်ထားသလောက် ခရီးကမတွင်ဘူး ဖြစ်နေတယ်။ စစ်ကူတွေ ပို့လာသော်လည်း အချည်းနှီးပဲ ဖြစ်တယ်။ အရာမထင်ဘူး။ အဲဒီတော့က သူတို့ရဲ့ ဝေါလေဗျူဟာကုန်း မကျရေးကို လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကြဲတယ်။ ဒီလိုအနေအထားမျိုးကို ကြည့်မယ်ဆိုရင်တော့ ဒါဟာ စကမတွေဘက်က အသားစီး မရနေဘူး ဆိုတာကို ကျနော်တို့ မြင်နေရတယ်” လို့ ပြောပါတယ်။
ဇူလိုင်လ ဒုတိယပတ်က ၈ လကျော်ကြာတဲ့အထိ ထိုးဖောက်လို့မရတဲ့ မြဝတီတောင်ဘက် လေးကေ့ကော်မြို့သစ်နီးက ရဲကုန်းစခန်းကို စစ်တပ်ဘက်က ဝေဟင်၊ မြေပြင် ပစ်ကူ အလွန်အကျွံသုံးပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် KNLA ပူးပေါင်းတပ်တွေ ယာယီခွာစစ်ဆင်ပေးခဲ့ရပါတယ်။
ဒါပေမဲ့ ရဲကုန်းစခန်းကို အင်အားဖြည့်တင်းဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကြောင်းမှူး အပါအဝင် အယောက် ၂၀ ထက်မနည်း သေဆုံးပြီး ၄ ယောက် အရှင်ဖမ်းဆီးခံခဲ့ရပါတယ်။











