Home
မြန်မာသတင်း
ဆင်ဘိုမြို့အနီး ခလရ ၁၄၁ ကို ကေအိုင်အေ ပူးပေါင်းအဖွဲ့ တိုက်ခိုက်
DVB
·
February 28, 2024

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်ထဲက ဆင်ဘိုမြို့ကို သိမ်းပိုက်ပြီးတဲ့နောက် မြို့အနားမှာရှိတဲ့ စစ်ကောင်စီတပ် ခလရ ၁၄၁ ကို ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ပူးပေါင်းအဖွဲ့တွေက ဆက်လက် တိုက်ခိုက်နေပါတယ်။

မြစ်ကြီးနားမြို့နယ်၊ ဧရာဝတီမြစ်ဘေးက ဆင်ဘိုမြို့ပေါ် ရဲစခန်းနဲ့ စစ်စခန်းတွေကို  ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ကေအိုင်အေနဲ့ ပူးပေါင်းတပ်တွေက  ရှင်းလင်းပြီးမြို့ကို သိမ်းပိုက်ခဲ့ပြီး ဆင်ဘိုမြို့နဲ့ ၃ မိုင်အကွာမှာရှိတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်းဖြစ်တဲ့ ခ.လ.ရ (၁၄၁) ကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ထပ်မံတိုက်ခိုက်ခဲ့လို့  တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။

ကေအိုင်အေ ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက “အဲဘက်ကတော့ အခုပြန်ရပ်နေပါပြီ။ စောင့်ကြည့်နေတဲ့ အနေအထား ဖြစ်ပါတယ်။ သေနတ်သံတွေကတော့ ပြန်ငြိမ်သွားပြီခင်ဗျ။ အသေးစိတ် မြေပြင်ကတော့ ကျနော်မသိဘူး။ ဒါပေမဲ့ ခုနပြောသလို ဝိုင်းထားတဲ့ စောင့်ကြည့်နေတဲ့အနေအထားတော့ ဟုတ်ပါတယ်။ အားလုံးရုပ်သွားတဲ့ အနေအထားတော့ မဟုတ်ဘူးပေါ့နော် ”လို့ပြောပါတယ်။

ဆင်ဘိုမြို့ပတ်ဝန်းကျင်ကို လက်နက်ကြီးတွေပစ်ခတ်လေ့ရှိတဲ့ ခ.လ.ရ (၁၄၁) ကို ကေအိုင်အေက မသိမ်းနိုင်သေးပေမဲ့ လက်နက်သံတွေမကြားရတာ ၂ ရက်လောက်ရှိပြီလို့ ဆင်ဘိုမြို့ခံတယောက်က ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြောပါတယ်။

ဆင်ဘိုရဲစခန်းက တပ်သားတွေက ခလရ ၁၄၁ ထဲကိုပူးပေါင်းခဲ့သလို ဌာနဆိုင်ရာ အရာရှိတွေကတော့ မြို့ကို ကေအိုင်အေ ဝင်မသိမ်းခင်ကတည်းက မြစ်ကြီးနားကို ထွက်သွားကြလို့ လက်ရှိမြို့မှာ ဒေသခံတွေပဲရှိတော့တယ်လို့ မြို့ခံက ပြောပါတယ်။

ဆင်ဘိုမြို့ခံက “မြစ်ကြီးနား သွားရှောင်နိုင်တဲ့သူက ရှောင်ကြတာပေါ့။ တချို့လည်း အဆင်မပြေလည်း နီးစပ်ရာရွာတွေမှာ သွားနေကြတာပေါ့။ အမှန်ကတော့ အိမ်မှာလည်း ရှိတယ်။ သူတို့က သွားလိုက် လာလိုက်တွေ။ စစ်ရှောင်တယ်ဆိုတာ ကျနော်တို့ အောက်ပြည်တွေလို အဝေးကြီးရှောင်တာလည်း မဟုတ်ဘူး။ အိမ်မှာတော့ ယောကျ်ားသား တယောက်၊ နှစ်ယောက် ထားပစ်ခဲ့ပြီး အခင်းထဲမှာ နေတယ်။ ဒါပေမဲ့ သူတို့က မနက်တွေ ဘာတွေကျ ပြန်ရောက်လာတယ်။ အိမ်မှာ လုပ်စရာရှိတာ လုပ်တယ်။  ပြန်ပြီး ပြန်ထွက်သွားတယ်။ ဒါမျိုးပဲ ”

မြို့သိမ်းတဲ့နေ့က သေနတ်ဖောက်ခဲ့ပေမဲ့ လက်ရှိအချိန်ထိ မြို့ပေါ်မှာ ထိခိုက်သူမရှိခဲ့ဘဲ ပုံမှန်အတိုင်း သတိထားနေကြတဲ့ပုံစံ ဖြစ်တယ်လို့ သူကပြောပါတယ်။

ခရီးဝေး လိုင်းကားတွေ ပြေးဆွဲတာကို ရပ်နားထားပေမဲ့ မြို့အဝင်ဂိတ်မှာ စာရင်းပေးပြီး သွားလာလို့ရတာကြောင့် ကန့်သတ်တာမျိုးလည်း မရှိဘူးလို့ ဒေသခံကဆိုပါတယ်။

ခ.လ.ရ (၁၄၁) ကိုသာ ကေအိုင်အေဘက်က အပြီးသတ် တိုက်ခိုက်ရှင်းလင်းနိုင်မယ်ဆိုရင် ဧရာဝတီမြစ်ကမ်းဘေး မြစ်ကြီးနားနဲ့ ဗန်းမော်မြို့ကြားမှာတည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးအရ အရေးပါတဲ့ ဆင်ဘိုမြို့ကို အပြီးသတ်သိမ်းလိုက်နိုင်မှာလို့ ဒေသခံတွေက ပြောကြပါတယ်။

စိုးသူအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024