DVB Logo
Home
မြန်မာသတင်း
ကလေးတက္ကသိုလ် ဆရာနှင့် ကျောင်းသား ၁၄၀ ကျော်ကို လုံခြုံရာနေရာ၌ ကယ်ထုတ်ထားဟု  NUG ပြော
DVB
·
February 28, 2024
ကလေးတက္ကသိုလ် ဆရာနှင့် ကျောင်းသား ၁၄၀ ကျော်ကို လုံခြုံရာနေရာ၌ ကယ်ထုတ်ထားဟု  NUG ပြော
Donate to DVB

ကလေးတက္ကသိုလ် ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူတွေ ၁၄၀ ကျော်ကို ဘေးကင်းလုံခြုံတဲ့နေရာမှာ ကယ်ထုတ်ပေးထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီဗွီဘီကို ပြောပါတယ်။ 

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာရှိတဲ့ ကလေးတက္ကသိုလ်ကျောင်းဝင်းထဲမှာ အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား ဖေဖော်ဝါရီ ၂၆ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း ဝန်ထမ်းနဲ့ ဆရာဆရာမတွေကို PDF တွေက ဖမ်းသွားတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာပါ။

စစ်ကောင်စီတပ်တွေက ဝန်ထမ်းနဲ့ကျောင်းသားတွေကို အကာအကွယ်ယူပြီး တိုက်ပွဲဆင်နွှဲခဲ့တာဖြစ်ကြောင်းနဲ့ ဆရာတွေ၊ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေကို ဘေးလွတ်ရာ ကယ်ထုတ်ပေးထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။

“အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်တပ်တွေအနေနဲ့က  Public area တွေ၊ သာသနိက အဆောက်အဦတွေ၊ ကျောင်းတွေမှာ သူတို့က အခိုင်အမာတပ်စွဲပြီး နေရာယူလေ့ရှိပါတယ်။ ကလေးတက္ကသိုလ်ဝင်းထဲက သုံးထပ်ဆောင်မှာ အခိုင်အမာတွေ ဘန်ကာတွေဆောက်ပြီး နေရာယူထားပါတယ်။ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်နေစဉ်မှာ အဲဒီကျောင်းဝင်းထဲမှာ ရှိတဲ့ ဆရာ၊ ဆရာမတွေ ကျောင်းသား ကျောင်းသူတွေ အရပ်သားတွေ ဝန်ထမ်းတွေကို သူတို့က  cover (အကာအကွယ်) ယူပြီးတော့ တိုက်ပွဲ ဆင်နွှဲလာတာ ရှိပါတယ်။ အဲဒါကြောင့် ကျနော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ကယ်ထုတ်လို့ရသလောက်  ဆရာဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ၊ ဝန်ထမ်းတွေကို ၁၄၀ ကျော်လောက်ရှိပါတယ်။ သူတို့ကို လုံခြုံတဲ့ နေရာမှာ ကယ်ထုတ်ထားတာ ဖြစ်ပါတယ်” 

အဲဒီတိုက်ပွဲအတွင်း ကျောင်းဝန်ထမ်းတွေနဲ့ ကျောင်းသားတွေကို PDFတွေက ဖမ်းဆီးသွားခဲ့တာကြောင့် လိုက်လံကယ်ဆယ်ခဲ့ပြီး စုစုပေါင်း ၂၈၅ ဦးကို ကယ်ဆယ်နိုင်ခဲ့သလို ကျန်တဲ့သူတွေကိုလည်း ကယ်ဆယ်နိုင်ဖို့ စုံစမ်းနေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ်ပိုင်မီဒီယာကတဆင့် ပြောပါတယ်။

စစ်ကောင်စီရဲ့ ဒီပြောဆိုချက်တွေက အမှန်တကယ်ဖြစ်ခဲ့တာနဲ့ ပြောင်းပြန်ပြောဆိုနေတာလို့  NUG ကာကွယ်ရေးဝန်ကြီးဌာန  ဒုတိယအတွင်းဝန်က ဆိုပါတယ်။

လက်ရှိမှာတော့ ကလေးမြို့ တဝိုက်မှာ စစ်ရေးက ဆက်လက်တင်းမာနေသလို ထိတွေ့တိုက်ပွဲတွေလည်း ဆက်ရှိနေပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေရှိပြီး အရပ်သား ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ကြားသိရပေမဲ့ အခြေအနေအသေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။

တိုက်ပွဲအသေးစိတ်နဲ့ ထိခိုက်သေဆုံးမှုအခြေအနေတွေကို စာရင်းပြုစုနေဆဲ ဖြစ်တာကြောင့် လက်တလောဖြေပေးလို့မရသေးဘူးလို့ တော်လှန်ရေးပူးပေါင်းတပ်တွေထဲမှာပါဝင်တဲ့ CDF (KKG)က ပြောပါတယ်။

ကလေးမြို့တဝိုက်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ဒုတိယပတ်လောက်ကတည်းက နှစ်ဖက်ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။ 

ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013