DVB Logo
Home
မြန်မာသတင်း
စစ်မှုမထမ်းချင်သူများကို ကြိုဆို လက်ခံနေရာချထားရန် ကရင်နီ ပြင်ဆင်
DVB
·
February 27, 2024
စစ်မှုမထမ်းချင်သူများကို ကြိုဆို လက်ခံနေရာချထားရန် ကရင်နီ ပြင်ဆင်
Donate to DVB

စစ်ကောင်စီတပ်မှာ  စစ်မှုမထမ်းချင်တာကြောင့် မြန်မာပြည်ဒေသအနှံ့က လူငယ်လူရွယ်တွေ လွတ်မြောက်နယ်မြေတွေဘက်ကို  ထွက်ပြေးခိုလှုံသူတွေရှိလာပြီး ကရင်နီပြည်နယ်မှာတော့ ကြိုဆိုလက်ခံ နေရာချထားဖို့ ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ 

အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမယ့် ဥပဒေကို အာဏာသိမ်းစစ်တပ်က အသက် သွင်းပြီးတဲ့နောက် ပြည်တွင်းရှိ လူငယ်တွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေပြီး ပြည်ပကို  ထွက်ခွာဖို့ ကြိုးစားသူတွေလည်း သိသိသာသာ များပြားလာပါတယ်။ 

စစ်ကောင်စီဟာ စစ်မှုမထမ်းမနေရ ဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က စတင်အသက်ဝင်တယ်လို့ ကြေညာထားပြီး လာမယ့်ဧပြီမှာ လူဦးရေ ၅၀၀၀ နဲ့ စဖွင့်လှစ်မယ်လို့ ဆိုထားတာပါ။

စစ်ကောင်စီမှာ စစ်မှုမထမ်းချင်တဲ့အတွက် လက်ရှိအချိန်မှာတော့ ကရင်နီပြည်နယ်ကို ရွှေ့ပြောင်းလာကြသူ လူငယ်တွေ အများအပြားရှိနေပြီး သူတို့အတွက် စီမံခန့်ခွဲ နေရာချထားနိုင်ဖို့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းနေတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကရင်နီပြည်နယ်ကို ရောက်လာတဲ့ လူငယ်တွေအနေနဲ့ တော်လှန်ရေးနဲ့ပတ်သက်တာတွေအပြင် ကျန်းမာရေး၊ ပညာ‌ရေး၊ စစ်ဘေးရှောင် ကူညီရေးစတဲ့ အပိုင်းတွေမှာ ပါဝင်လုပ်ဆောင်နိုင်ဖို့ ကူညီပေးနေတယ်လို့ စစ်ရှောင်အရေးကူညီနေတဲ့ ကိုတင့်ဇော်ဟိန်းက ပြောပါတယ်။

“ကျနော်တို့ဆီ ဆက်သွယ်တာက မိသားစုလိုက်နဲ့ ဆိုရင် လူ ၅၀ လောက်ရှိပြီ။ လုပ်လို့ရတာက ဒီမှာက ရဲဘော်တွေအတွက်လည်း လမ်းဖွင့်ထားသလို ရဲဘော် မဟုတ်ဘဲ ကျန်တဲ့ အလုပ်တွေပေါ့။ စီးပွားရေး ဈေးဆိုင်တွေ၊ ထောက်ပို့၊ ကျန်းမာရေး၊ ပညာရေး၊ စစ်ဘေးရှောင်ကူညီရေး စသဖြင့် အများကြီး လုပ်လို့ရတယ်။  စစ်မှုထမ်း အသက်တွင်း အကျုံးဝင်တဲ့သူများတယ်။ မိသားစုလိုက် ရွှေ့ချင်တာလည်း များတယ်။”

စစ်မှုထမ်းဥပဒေဟာ စစ်အာဏာသိမ်းမှုကို နည်းမျိုးစုံနဲ့ဆန့်ကျင်နေကြတဲ့ လူငယ်တွေအပေါ် ရိုက်ခတ်မှု ကြီးမားခဲ့ပါတယ်။

တော်လှန်ရေးနယ်မြေတွေဆီကို လာမယ့်လူငယ်တွေကို လက်ခံအားပေးသွားမှာဖြစ်ပြီး  သူတို့အနေနဲ့လည်း စိတ်ဓာတ်ခိုင်မာဖို့ လိုအပ်တယ်လို့ ကရင်နီတပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ လာရင်တော့ ကျနော်တို့ လက်ခံရမှာပဲနော်။ သူတို့ကလည်း တော်လှန်ရေးမှာ တထောင့်တနေရာက ကူညီနေတာပဲလေနော်။ လူငယ်တွေအားလုံး မြန်မာတနိုင်ငံလုံးက စစ်ကောင်စီကို မကြိုက်တာ အကုန်သိထားပြီးပြီလေနော်။ သူတို့လာရင်တော့ ကျနော်တို့ လက်ခံရမှာပေါ့။ ဒါပေမဲ့ သူတို့ခံယူချက် သဘောထားကို ကျနော်တို့ သိဖို့လိုတယ်။ သူတို့ လာတာကို အားပေးမယ်။ စိတ်ဓာတ်ကတော့ သူတို့ခိုင်ဖို့ လိုတယ်။ လာမယ့်လူငယ်တွေကို တာဝန်ရှိသူတွေ နေရာချထားတာတွေလည်း ရှိမှာပါ။”

စစ်မှုထမ်းကြဖို့အတွက် စစ်ကောင်စီ အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ မြို့တွေမှာ  အုပ်ချုပ်ရေးအဖွဲ့တွေက  လိုက်လံစာရင်းကောက်တာတွေ လုပ်ဆောင်နေပါတယ်။

စစ်မှုထမ်းဥပဒေမှာ အမျိုးသားတွေကို အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အထိ သတ်မှတ်ထားပြီး အမျိုးသမီးတွေကို အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ်အထိ သတ်မှတ်ထားပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေကတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေဟာ ပြည်သူတွေအပေါ်  ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ဆိုထားပါတယ်။ 

သီဟ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013