Home
မြန်မာသတင်း
မြောက်ဦးခရိုင်ကို ရက္ခိုင့်တပ်တော်က သိမ်းပိုက် နယ်မြေစိုးမိုးထိန်းချုပ်  
DVB
·
February 27, 2024

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကမ်းနီရွာနားက အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်(အေအေ)က ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ သိမ်းပိုက်လိုက်တာကြောင့် မြောက်ဦးခရိုင်တခုလုံးကို နယ်မြေစိုးမိုးနိုင်သွားပြီလို့ ဒေသခံတွေနဲ့ CDM အရာရှိတွေက ပြောပါတယ်။

အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ၉ ရက်ကြာ ထိုးစစ်ဆင်ခဲ့ပြီးနောက် သိမ်းပိုက်ရရှိခဲ့ပြီလို့ ဒေသခံတွေကပြောပေမဲ့ အေအေ ဘက်ကတော့ ဖေဖော်ဝါရီ ၂၆ ရက် ထုတ်ပြန်ချက်အထိ အစိတ်အပိုင်းများစွာကို သိမ်းယူထားပြီလို့သာ ရေးသားထားတာ တွေ့ရပါတယ်။

မင်းပြားမြို့ခံ ဦးမောင်ကျော်ဇံက “လုံးဝ သိမ်းပစ်လိုက်ပါပြီ။ မနေ့က၊ တချို့ ထွက်ပြေးသွားတာ အမ်းဘက်ကိုလေ။ နပခ (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ကို ထွက်ပြေးသွားတယ် ကြားတယ်။ ကျန်တဲ့သူတွေ ဟိုဟာပေါ့။ ပစ်တာခတ်တာနဲ့ အကျအဆုံး များတာနဲ့ တချို့ကတော့ လက်နက်ချတယ်လို့ ယူဆရတယ်။ ပြောသံ ကြားတယ်။ မြောက်ဦးခရိုင်ထဲတော့ ပြီးပြီပေါ့။ မြောက်ဦးခရိုင် ဆိုတာက ကျောက်တော်တို့၊ မြောက်ဦးတို့၊ မင်းပြားတို့၊ မြေပုံတို့ အကုန်ပြီးသွားပြီလေ ဒီမှာ။ တခရိုင်လုံး ရသွားပြီပေါ့”လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း လက်နက်ချနဲ့ သေဆုံးသူတွေရှိခဲ့တဲ့အပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ အမ်းဘက်ကို ထွက်ပြေးသူတွေလည်း ရှိတယ်လို့ သတင်းထွက်နေပေမဲ့ ဒီဗွီဘီအနေနဲ့ အသေးစိတ် အတည်ပြုလို့ မရသေးပါဘူး။

အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို သိမ်းပိုက်လိုက်နိုင်တာကြောင့် အေအေအနေနဲ့ မကွေးတိုင်းထဲက စေတုတ္တရာမြို့အထိ လမ်းပေါက်သွားပြီလို့ ရခိုင်မှာ တာဝန်ထမ်းဆောင်ဖူးတဲ့ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။

“ကမ်းနီနဲ့ စေတုတ္တရာပေါ့ နွေရာသီလမ်း ရှိတယ်။ စေတုတ္တရာကလည်း မကွေးတိုင်းရဲ့ အစွန်ပေါ့နော်။ ကုန်းပိတ် ရေပိတ်မြို့လို့ အရင်တုန်းက ပြောကြတယ်။ ဒါပေမဲ့ အခုတော့ နောက်ပိုင်း ပုသိမ်-မုံရွာလမ်းဘက်ကနေပြီး ဆောတို့၊ ဆိပ်ဖြူတို့၊ ဟိုဘက်မှာဆိုရင် ကျနော်တို့ ကဇွန်းမ လောင်းရှည်ဘက်ကို သွားတဲ့လမ်းတော့ရှိတယ်။ အဲဒီလမ်းကြောင်းတွေကို အေအေ ပြန်သုံးမယ် ဆိုရင်တော့ ‌မကွေးရော၊ ချင်းရောကို ထပ်ပြီးတော့ ဆက်လို့ရတယ်ပေါ့နော်။ မကွေးအတွင်းပိုင်းထိကို ထပ်ပြီးဆက်လို့ရတယ်လို့ ကျနော် ပြောချင်ပါတယ်။”

ရက္ခိုင့်တပ်တော်က တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့ ကမ်းနီ၊ တိုင်းဗဟို (၉) ကို ဦးဆောင်သူဟာ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်စိုးတင့် ဖြစ်ပြီး သူ့သတင်းကိုတော့ မကြားရသေးဘူးလို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

ဒီလိုအချိန်မှာပဲ ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းမှာ မင်းပြားမြို့နယ်ထဲက မင်းဖူးဆေးရုံကို စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဆေးကုသနေတဲ့ အရပ်သားတွေနဲ့ ဆေးရုံဝန်ထမ်းတွေ ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့တယ်လို့ အေအေက ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် ဒီကနေ့မှာပဲ မင်းပြားမြို့နယ်ထဲက သေကန်ရွာထဲနဲ့ စာသင်ကျောင်းကို ဗုံးကြဲခဲ့လို့ အရပ်သား အယောက်  ၂၀ လောက် ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံက ပြောပါတယ်။  

တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၂ ခုမှာ စစ်ဘေးရှောင် ၃ သိန်းကျော်အထိ ရှိနေပြီး အရပ်သား ၁၁၀ ကျော်သေဆုံးခဲ့ရသလို ဒဏ်ရာရသူ ၃၆၀ နီးပါးရှိလာပြီလို့ အေအေက ဖေဖော်ဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

စိုးသူအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024