DVB Logo
Home
မြန်မာသတင်း
တာ့ခ်ခရိုင်အတွင်း အထောက်အထားမရှိ မြန်မာများ သတိထား နေထိုင်ကြရန် တိုက်တွန်း
DVB
·
February 27, 2024
တာ့ခ်ခရိုင်အတွင်း အထောက်အထားမရှိ မြန်မာများ သတိထား နေထိုင်ကြရန် တိုက်တွန်း
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်အတွင်း နိုင်ငံခြားသားတွေ ဧည့်စာရင်းတိုင်ကြဖို့ ထုတ်ပြန်ထားတာကြောင့် အထောက်အထားမရှိသူတွေ သတိထား သွားလာနေထိုင်ကြဖို့ ထိုင်းရောက် မြန်မာ အလုပ်သမားအဖွဲ့တွေက သတိပေးထားပါတယ်။ 

တာ့ခ်ခရိုင်အတွင်း လာရောက်နေထိုင်တဲ့ နိုင်ငံခြားသားတွေကို မဖြစ်မနေ ဧည့်စာရင်းတိုင်ဖို့နဲ့ တိုင်ကြားဖို့ ပျက်ကွက်ရင် ဒဏ်ငွေ ဘတ် ၁၀,၀၀၀ ပေးဆောင်ရမယ်လို့ တာ့ခ်ခရိုင် ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာနက ဖေဖော်ဝါရီ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ ဥပဒေကို စစ်ခေါင်းဆောင်က ပြန်လည်အတည်ပြုပြဋ္ဌာန်းပြီးနောက် အိမ်နီးချင်း ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသားတွေ တရားဝင်ရော တရားမဝင် လမ်းကြောင်းကနေပါ ဝင်ရောက်လာကြပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်ကလည်း မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံတွင်းကို တရားဝင်လာရင် ကြိုဆိုမှာဖြစ်ပေမဲ့ တရားမဝင်လာရင် ဥပဒေအရ အရေးယူခံရမယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။

K.T.G Helping Hands Myanmar ဒါရိုက်တာ ကိုသားကြီးက “ဧည့်စာရင်းကိစ္စက အခုမှ မဟုတ်ဘူး။ တော်တော်များများလည်း ဂယက်ရိုက်နေတယ်။ ဆိုလိုတာက အားလုံးက စိုးရိမ်နေတယ်။ ဧည့်စာရင်းဆိုတာက ကျနော်တို့ မြန်မာပြည်ထဲမှာလို တယောက်ချင်း တိုင်ရမယ် အဲ့လို ထင်တာ။ အထောက်အထား ရှိသူပဲ ဧည့်စာရင်း တိုင်ရမယ်ဆိုတာ သိဖို့လိုတယ်။ နိုင်ငံခြားသား တရားဝင် ပတ်စ်ပို့ကိုင်ထားသူက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူဝင်မှုကြီးကြပ်ရေးမှာ ဧည့်စာရင်း တိုင်ရတယ်။ လူဝင်မှုကြီးကြပ်ရေးက ဟိုတယ်မှာ တည်းရင် ပတ်စ်ပို့ ပေးထားတာ ဖြစ်တဲ့အတွက် ဧည့်စာရင်း တိုင်ခြင်း မတိုင်ခြင်းဟာ ဟိုတယ်နဲ့ပဲ ဆိုင်တယ်။ နိုင်ငံခြားသားနဲ့ မဆိုင်ဘူး။ ဒီဥပဒေက နဂိုကတည်းက ရှိပြီးသား ဖြစ်တဲ့အတွက် ကျနော်တို့ အခု မဲဆောက်-မြဝတီ နယ်စပ်မှာ ဝင်လာတဲ့ မြန်မာတွေများတော့ Boarder pass တွေကို ပေးမဝင်တာ ရှိတယ်။ ၂၂ ရက်က ဧည့်စာရင်း တိုင်ရမယ် အသုံးအနှုန်းနဲ့ မဲဆောက် လဝက ရုံးက ထုတ်တာပေါ့” လို့ ပြောပါတယ်။

ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးက B.E 2522 ပုဒ်မ ၃၈ ဥပဒေအရ ဧည့်နိုင်ငံသားတွေ လာရောက်နေထိုင်တဲ့ အချိန်မှစတင်ပြီး ၂၄ နာရီအတွင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံးကို လာရောက်တိုင်ကြားနိုင်ပြီး TM.30 ဖောင်နဲ့လည်း အွန်လိုင်းကတဆင့် တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။

ဧည့်စာရင်းဥပဒေထုတ်ပြန်လာတဲ့အတွက်  ထိုင်းနိုင်ငံသားတွေက နေအိမ်အဆောက်အဦနဲ့ တိုက်ခန်းတွဲတွေ ငှားရမ်းတဲ့လုပ်ငန်း လုပ်ကိုင်နေသူတွေဟာ နေထိုင်ခွင့်အထောက်အထား အပြည့်အစုံ မရှိသူတွေကို  ငှားရမ်းပေးတာ မရှိတော့ဘူးလို့ သိရပါတယ်။

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ အကြောင်းအမျိုးမျိုး ခိုလှုံနေထိုင်နေရတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေက အခုလို ဧည့်စာရင်းဥပဒေ ထပ်မံ သတိပေး ထုတ်ပြန်လိုက်တဲ့အတွက် ပိုပြီး အနေရကျပ်သွားတယ်လို့ ဆိုပါတယ်။

မဲဆောက်ရောက် မြန်မာတဦးက “ဒီမှာကျတော့ အထောက်အထား မရှိဘဲ နေတဲ့သူတွေများတယ်။ မဲဆောက်ကတော့ နာမည်ကြီးပဲလေ ဖမ်းတဲ့နေရာမှာ။ ညဘက် အပြင်ထွက်လည်း ဖမ်းခံရတယ်။ ဆိုင်ထိုင်လည်း အဖမ်းခံရတယ်။ မလုံခြုံမှုတွေ ကြားထဲမှာ အခုက ပိုဆိုးသွားတာပေါ့။ အခုက TM-30 လည်း လုပ်ရမယ်ဆိုတော့ အထောက်အထား မရှိတဲ့သူတွေအတွက်က ပိုကျပ်သွားတယ်။ ကိုယ့်အိမ်ထဲမှာ နေရင်တောင် မလုံခြုံဘူး။ အထဲကို ဝင်ပြီး ဆွဲနိုင်တဲ့ အနေအထားထိ အဖမ်းခံရနိုင်တဲ့ အနေထားထိ ဖြစ်သွားတာပေါ့။ စိုးရိမ်ပူပန်မှုတွေတော့ အများကြီးပဲ” လို့ ပြောပါတယ်။

မြန်မာအများစု နေထိုင်လုပ်ကိုင်ကြတဲ့ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်း အိမ်ရှင်၊ နေရာအခန်း အငှားပိုင်ရှင်တွေ၊ ဟိုတယ်မန်နေဂျာတွေအနေနဲ့ နိုင်ငံခြားဧည့်သည်တွေ လက်ခံထားရင် ၂၄ နာရီအတွင်း အကြောင်းကြား ဧည့်စာရင်း တိုင်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီဥပဒေက လွန်ခဲ့တဲ့နှစ်များစွာကတည်းက ထိုင်းနိုင်ငံမှာ ရှိနေပြီးသား ဧည့်စာရင်း ဥပဒေတခုဖြစ်ပြီး လတ်တလော ထပ်မံ ထုတ်ပြန်လိုက်တာတော့ မဲဆောက်မြို့ကို ပစ်မှတ်ထား ရည်ရွယ်တာလို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုးက “အမှန်တော့ မဲဆောက်တမြို့တည်းကို ပစ်မှတ်ထားပြီး ကန့်သတ်ချင်တာ။ သို့သော်လည်း တာ့ခ်ခရိုင် ၉ မြို့ထဲမှာ ရှိတဲ့ နိုင်ငံခြားသားတွေလို့ စကားလုံးလေး ဝေါဟာရလေး လှအောင် အဆင်တန်ဆာ ဆင်လိုက်တာပေါ့။ မဲဆောက်မှာရှိတဲ့ အတိုက်အခံတွေ၊ နိုင်ငံရေးသမားတွေ၊ တော်လှန်ရေးသမားတွေ၊ စီဒီအမ်သမားတွေကို သွားမှုလာမှု နေမှုထိုင်မှု၊ လှုပ်ရှားဆောင်ရွက်မှု၊ ယုံကြည်ချက်တွေကိုပါ ကန့်သတ်နိုင်သမျှ ကန့်သတ်ချင်တာ။ တားမြစ်နိုင်သမျှ တားမြစ်ချင်တာ။ အကြောင်းပြချက်တော့ အမျိုးသားလုံခြုံရေး မူဝါဒပေါ့။ သို့သော်လည်း ဒါတွေ အားလုံးကတော့ ထိုင်းနိုင်ငံကလည်း စစ်တပိုင်းအစိုးရနဲ့ မြန်မာဘက်က စစ်အစိုးရနဲ့က ဟန်ချက်ညီညီ ဆက်ဆံရေးရှိကြတော့ သိပ်ပြီး ထူးထူးဆန်းဆန်း မဖြစ်ပါဘူး။ ကိုယ့်ဘက်က သွားတာလာတာ စားတာသောက်တာ နေတာထိုင်တာ အရင်ကလို အစုအဖွဲ့နဲ့ မလုပ်ဘဲ မလိုလားအပ်ပဲ နိုင်ငံရေး အခမ်းအနားတွေ၊ လူမှုရေး အခမ်းအနားတွေ မလုပ်သင့်ဘူး” လို့ ပြောပါတယ်။

စစ်တပ် အာဏာသိမ်း ၃ နှစ်တာ ကာလအတွင်း ထိုင်းနိုင်ငံဘက်ကို အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူ သန်းနဲ့ချီ ရှိသလို ထိုင်းနိုင်ငံတွင်း မြန်မာနိုင်ငံသားအချင်းချင်း ငွေကြေး လိမ်လည်တဲ့ အမှုဖြစ်စဉ်တွေလည်း ပိုတိုးလာတယ်လို့ အလုပ်သမား အခွင့်အရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံ မီဒီယာပေါင်းစုံ ပါဝင်တဲ့ Media Intelligence Group ရဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ စစ်တမ်းအရ ထိုင်းနိုင်ငံတွင်းမှာ မြန်မာနိုင်ငံသားပေါင်း ၆ ဒသမ ၈ သန်းကျော် ဝင်ရောက် နေထိုင်နေပြီး အဲဒီထဲမှာ တရားဝင် စာရွက်စာတမ်း ပြုလုပ်ထားသူ ၁ ဒသမ ၈ သန်းလောက်ပဲ ရှိတယ်လို့ သိရပါတယ်။ 

ဇွဲသစ် 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013