DVB Logo
Home
နိုင်ငံတကာ
တာ့ခ်ခရိုင်တွင် ရေကြီးမြေပြို  မိုးဆက်ရွာမည်ဟု သတိပေးချက်ထုတ်ပြန် 
DVB
·
September 29, 2026
တာ့ခ်ခရိုင်တွင် ရေကြီးမြေပြို  မိုးဆက်ရွာမည်ဟု သတိပေးချက်ထုတ်ပြန် 
1 / 3
Photo: AEC Asian Thai News / MGROnline
Donate to DVB

ထိုင်းမြောက်ပိုင်း တာ့ခ်ခရိုင်ထဲမှာ စက်တင်ဘာ ၂၈ ရက်က မိုးသည်းထန်ပြီး တောင်ပြို၊ မြေပြို၊ တံတား ကျိုးကျတာတွေ ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

တာ့ခ်ခရိုင် ဘန့်တာ့ခ်နဲ့ မယ်လမတ်မြို့နယ်ကြား ထောင့်ဖာ့ကျေးရွာအုပ်စုရှိ အမှတ် ၁၁၇၅ လမ်းမကြီးပေါ်မှာ မနေ့က တောင်ပြိုမှုဖြစ်ပွားပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်။ 

လူမှုကွန်ရက်မှာ ပြန့်နေတဲ့ ဗွီဒီယိုထဲမှာလည်း ဟိုင်းလပ်စ်ကားတစီး ဖြတ်သန်းစဉ် စက္ကန့်ပိုင်း အတွင်းမှာ အလွန်ကျယ်လောင်သာ မြေပြိုသံမြည်ဟီးလာပြီး တောင်ပေါ်က ကျောက်တုံး ကျောက်ခဲ တွေ၊ ရွှံ့နွံတွေ၊ သစ်ပင်တွေ အမြစ်လိုက် ပြုတ်ထွက်ကျလာခဲ့တာကို ထိတ်လန့်တကြား တွေ့ မြင်ရပါတယ်။ 

အဆိုပါ ဟိုင်းလပ်စ်ကားမှာ မြေပြိုအန္တရာယ်မှ သီသီလေးလွတ်သွားပေးမဲ့ လမ်းဘေးက  ဆိုင်ကယ်နဲ့ ကားတွေတော့ ကျောက်တုံးကျောက်ခဲအပိုင်းအစတွေ လွှင့်စင်လာလို့ အနည်းငယ် ပျက်စီးမှု ရှိခဲ့ပါတယ်။ 

တာဝန်ရှိသူတွေက အဆိုပါလမ်းကို ရှင်းလင်းဖို့ အချိန်ယူရမှာဖြစ်ပြီး အဲဒီအတောတွင်း တာ့ခ်မြို့နယ်နဲ့ မယ်လမတ်ကြား သွားလာသူတွေအနေနဲ့ ၄၀ ကီလိုမီတာခန့်ကွာဝေးတဲ့ မဲဆောက် ဘက်က လမ်းအတိုင်း ကွေ့ဝိုက်သွားရတာကြောင့် ခရီးနှောင့်နှေးကြရတယ်လို့ ဆိုပါတယ်။ 

စက်တင်ဘာ  ၂၈ ရက် တနေ့တည်းမှာပဲ တာ့ခ်ခရိုင် ဝမ်းကျောက်မြို့နယ် ဘန့်နားပိုကျေးရွာမှာ ၂၄ နာရီ မိုးအဆက်မပြတ် ရွာသွန်းထားတာကြောင့် ရွာထဲကို ရေဝင်လာပြီး အိမ်ခြေ ၂၀ ခန့် ရေဘေးသင့်နေတယ်။ ရေစီးကြောင်း လျင်မြန်တာကြောင့် နားပိုရွာဦးဘုန်းကြီးကျောင်းမှာ ဈာပနလုပ်ဖို့ လာထားထားတဲ့ လူသေခေါင်းတလားတခုလည်း ရေထဲကို မျောပါသွားခဲ့တယ်လို့  ထိုင်းပီဘီအက်စ် သတင်းမှာ ဖော်ပြပါတယ်။ 

တာ့ခ်မြို့နယ် ပုန်ဒဲန်ကျေးရွာအုပ်စု မဲ့ထော့ရွာထဲမှာ တဲအိမ်တလုံး ရေထဲမျောပါသွားပြီး ဘန့်ဒေါင်း ချိုင်း ချောင်းကူးတံတားလည်း ကျိုးပြတ်ကာ ရေစီးနဲ့ပါသွားတယ်လို့ ဆိုပါတယ်။ 

ဘန့်တာ့ခ်မြို့နယ် ထုန့်ကရချော့ကျေးရွာ နဲ့ ထုန်းဖားကျေးရွာမှာ ဟွေ့တာ့ခ်ချောင်းထဲကရေ လျှံတက် လာပြီး လူနေအိမ်ခြေထဲ ဝင်လာတာကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်၊ တာ့ခ်အခြေစိုက် တပ်မတော်ရဲ့ ဆေးတပ်သားတွေက အိပ်ရာထဲလဲနေတဲ့ လူနာတွေကို တိုက်နယ်ဆေးပေးခန်းကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

အုမ်းကွယ်မြို့နယ် နဲ့ တာ့ခ်မြို့နယ်ကြားမှာရော တာ့ခ်နဲ့ မဲဆောက်ကြား အာရှလမ်းမကြီးပေါ်မှာ လည်း အချို့နေရာမှာ သစ်ပင်တွေ လမ်းပေါ်လဲကျတာ၊ လမ်းမပေါ် ရေဝင်ရောက်တာတွေ ရှိနေတယ် လို့ ဆိုပါတယ်။

ထိုင်းမိုးလေဝသဌာနရဲ့ ဒီကနေ့ စက်တင်ဘာ ၂၉ ရက် မနက် ၆ နာရီ ထုတ်ပြန်ချက်အရ  ထိုင်းအလယ်ပိုင်းဒေသမှာ မိုးရွာသွန်းမှု လျော့နည်းသွားပေမဲ့  ၂၂ ခရိုင်ထဲမှာတော့ ၂၄ နာရီတွင်း မိုးဆက်လက်ရွာသွန်းပြီး အချို့ဒေသမှာ မိုးသည်းထန်နိုင်တယ်၊ ဒါကြောင့် ရုတ်တရက် ရေကြီး ရေလျှံခြင်း၊ ဆည်မြောင်းတာတမံရေလျှံခြင်း နဲ့ တောင်ကျချောင်းရေတွေ သတိထားဖို့ ထုတ်ပြန် ထားပါတယ်။ 

အဆိုပါဒေသတွေမှာ ထိုင်းမြောက်ပိုင်း ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ တာ့ခ်၊ ချင်းရိုင်း၊ လမ်းဖွန်း၊ လမ်းပန်း၊ ဖရဲ့ ၊ ဆုခိုထိုင်းခရိုင် အလယ်ပိုင်း နခွန်းဆဝမ်၊ ဥထိုင်းဌာနီ၊ ဆုဖန်းပူရီ၊ ကန်ကျနပူရီ၊ ရာ့ချ်ပူရီအရှေ့ပိုင်း နခွန်းနာယုဒ်၊ ပရာကျင်းပူရီ၊ ချွန်းပူးရီး၊ လယောင်း၊ ကျန်ထပူရီ၊ တရာတ် တောင်ပိုင်း ရနောင်း၊ ဖန်င နဲ့ ဖူးကစ် တို့ ဖြစ်ပါတယ်။ 

အဲဒီထဲက သဘာဝဘေးအန္တရာယ် အထူးသတိပြုရမှာကတော့ မယ်ဟောင်ဆောင်၊ ချင်းမိုင် နဲ့ တာ့ခ်ခရိုင်တို့ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

မဲဆောက်မြို့ မဲ့ကာဆာရပ်ကွက်ထဲမှာတော့ ဒီကနေ့ စက်တင်ဘာ ၂၉ ရက်မှာ ရေစတင် ဝင်ရောက်နေပြီ ဖြစ်ပါတယ်။ 

တာ့ခ်ခရိုင် မြစ်ချောင်းနားနီး နေထိုင်သူတွေအနေနဲ့ ပစ္စည်းနဲ့ လူနာတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို အမြင့်နေရာဘက် ရွှေ့ပြောင်းထားကြဖို့  တာဝန်ရှိသူတွေက တိုက်တွန်းနှိုးဆော် ထားပါတယ်။ 

Source - AEC Asian Thai News / MGROnline / ThaiPBS North 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013