
မြန်မာနိုင်ငံနဲ့ နယ်စပ် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲက ထာ့ဆောင်ယန်းမြို့နယ်အတွင်းမှာ ဘတ် ၇ သိန်းနီးပါး တန်ဖိုးရှိတဲ့ မှောင်ခိုဒီဇယ်ဆီ လီတာပေါင်း ၁၆,၀၀၀ ကို အာဏာပိုင်တွေက မကြာသေးမီက သိမ်းဆည်းရမိခဲ့ပြီး အမျိုးသား ၂ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ Bangkok Post သတင်းတပုဒ်မှာ မေ ၁၀ ရက်က ဖော်ပြပါတယ်။
တရားမဝင် လုပ်ငန်းတွေကို နှိမ်နင်းဖို့အတွက် မြန်မာနယ်စပ်တလျှောက် မဲဆောက် -မဲ့စလီယန်းလမ်းမပေါ်မှာ ဒေသတွင်း ပူးပေါင်းတပ်ဖွဲ့တွေ ကင်းလှည့်နေစဉ်အတွင်း အခုလို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
ကင်းလှည့်တပ်ဖွဲ့ဝင်တွေဟာ မိုးကာစတွေနဲ့ အုပ်ထားတဲ့ ခြောက်ဘီးကား ၂ စီးကို မသင်္ကာဖွယ် တွေ့ရှိခဲ့ပြီး အဆိုပါကားတွေက မောင်းပြေးဖို့ ကြိုးစားတာကြောင့် နောက်ကနေ လိုက်လံဖမ်းဆီးခဲ့ရတာလို့ ဆိုပါတယ်။
ကားပေါ်မှာတော့ တလုံးကို လီတာ ၂၀၀ ဆံ့တဲ့ ဒီဇယ်ဆီပီပါ အလုံး ၈၀ ကို တွေ့ရှိခဲ့ပြီး ကာလတန်ဖိုး ဘတ် ၆၅၂,၈၀၀ ကျော် ရှိတယ်လို့ အာဏာပိုင် တွေက ပြောပါတယ်။
ဖမ်းမိထားသူတွေရဲ့ နာမည်၊ နိုင်ငံသား အသေးစိတ် အချက်အလက်တွေကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။
အရှေ့အလယ်ပိုင်းဒေသတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ နောက်ဆက်တွဲအနေနဲ့ ထိုင်းနိုင်ငံမှာ စက်သုံးဆီ စတင်ရှားပါးလာတဲ့နောက် ပြည်ပနိုင်ငံကို တင်ပို့ရောင်းချခွင့် ပိတ်ပင်ထားတာမှာ တရားမဝင်တင်ပို့နေကြတာကြောင့် ထိုင်အာဏာပိုင်တွေက ထိထိရောက်ရောက် အရေးယူစစ်ဆေးနေတာပါ။
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ထဲမှာတော့ မြန်မာဘက်ခြမ်းကို တရားမဝင်တင်ပို့မဲ့ စက်သုံးဆီ လီတာပေါင်း သောင်းနဲ့ချီ မကြာခဏ ဖမ်းဆီးရမိနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Source : Bangkok Post










